∗ လွတ်လပ်စွာနှင့် စိတ်ချမ်းသာစွာ နေရန်၊ လူတိုင်းမှာ အခွင့်အရေး ရှိသည်။
∗ လူတမျိုးသည် လူတမျိုးလာက်အောက်၌ အစဉ် မနေနိုင်
![]() |
| ဒေါ် မမခင် ဘီအေ အောက်လွှတ်တော်အမတ် |
ယခုအခါ ဥရောပတိုက်တွင် စစ်မှုရေးရာဘေးကြောင့် လူများ ဒုက္ခအမျိုးမျိုး ကြုံကြိုက်နေရပေ၏။ သေသူ သေကြ၊ နာသူ နာကြ၊ တိုက်တာအိမ်ခြေ ပစ္စည်းများ ပျက်စီး ပြုန်းတီး ဆုံးရှုံးခြင်း ခံကြရလေသည်။ သေသူပေါင်းမှာ ရာထောင်မက − သိန်းသောင်းမျှပင် များပြားလေသည်။ ထိုသို့ မရှုမလှ ဒုက္ခအမျိုးမျိုးတို့ကို ခံစားနေရခြင်းမှာ တိုင်းပြည်၏ လွတ်လပ်ခွင့်ကို အသာတကြည် မပေးလို၊ သူတပါးလက်အောက်ခံ ဖြစ်ရခြင်းထက် သေရသည်က မြတ်သည်ဟု မိမိတို့၏ အသက်ကို စွန့်ခြင်း၊ မြို့ကြီးပြကြီးများ ပျက်စီး၍ မီးလောင်တိုက်သွင်း ခံရသကဲ့သို့ ထင်းနှင့်ပြာအတိ ကျရောက်သည်အထိ ခံစားနေကြရခြင်းများတို့ကို တွေ့မြင်ရ၏။
ဤသို့အမျိုးမျိုး ပစ္စည်းပျက်ပြား၊ အသက်မသေ ကျန်သူတို့မှာ အတိုင်းမသိအောင် များပြားလှသော ဒုက္ခတွေကို ဘာကြောင့် ခံစားနေပါသလဲ။ မိမိတို့တိုင်းပြည်ကို သူတပါးအုပ်ချုပ်မှာ စိုး၍ လွတ်လပ်ရေး ပျောက်ကွယ်မှာ စိုး၍ အသေခံခါ ဆောင်ရွက်နေကြခြင်းပင် ဖြစ်သည်။ အထက်ပါ အကြောင်းအမျိုးမျိုးကို တွေးဆကြည့်က လွတ်လပ်ရေးရဘို့ အကြောင်းသည် စိတ်သောက လူသောက ဥစ္စာပစ္စည်းကုန်ခမ်း ကိုယ်မှာ အနာတရရှိ၍ အသက်စွန့်ကြသည်ကို ကြည့်သော် လွတ်လပ်ရေးတန်ဘိုး မည်မျှကြီးကြောင်း ထင်ရှားစွာ သိနိုင်၏။ အဘိုး မဖြတ်နိုင်ပေ၊ လွတ်လပ်ရေးရဘို့ အတိုင်းမသိ ကြိုးစားအားထုတ်ကြ၏။ စိတ်ဆင်းရဲ လူဆင်းရဲ ဥစ္စာပစ္စည်း ဆုံးရှုံးပျက်စီး၊ အသက်ဆုံးရှုံး အမျိုးပြုန်းလောက်အောင် အနစ်နာအမျိုးမျိုးခံကာ ရရှိအပ်သော လွတ်လပ်ရေးသည် အတိုင်းမသိ အဘိုးတန်လေသည်။
အမေရိကံပြည်ထောင်စု လွတ်လပ်ရေး
အမေရိကံပြန်ထောင်စု ဂျင်နရယ်ကွန်ဂရက် (General Congress of U.S.A.) တွင် ၁၇၇၆ နှစ်က ကျေညာဘတ်ရှုလိုက်သော လွတ်လပ်ရေးစာတမ်းတွင် လူတမျိုးသည် အခြားလူတမျိုး၏ လက်အောက်တွင် ခံနေခဲ့ရ၏။ ဤသို့ နေရခြင်းသည် အစဉ်တစိုက်အားဖြင့် အခါခပ်သိမ်း ဤသို့ချည်း နေထိုင်မသွားနိုင်ပေ။ ကမ္ဘာပေါ်မှာ ရှိသော အခြားသော တိုင်းပြည်တို့ကဲ့သို့ မိမိတို့၏ တိုင်းပြည်အခွင့်အရေး ကိစ္စတို့ကို တသီးပုဂ္ဂလ လွတ်လပ်စွာ ဆောင်ရွက်ဘို့ရန် ကြိုးစားအားထုတ်ခြင်းသည် တရားနည်းလမ်းအတိုင်းပင် ဖြစ်သည်ဟု လူတိုင်းကပင် ထင်မြင်လိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို ရရာရကြောင်း ကျွန်ုပ်တို့၏ နိုင်ငံ၏ အခွင့်အရေးကို သီးသန့်ဆောင်ရွက်လိုကြောင်းကို ကျွန်ုပ်တို့ သီးသန့်ကျေညာသည်။ ကျွနု်ပ်တို့အား ထာဝရဘုရားသခင်က ကမ္ဘာပေါ်မှာရှိသော လူအသီးသီးတို့ကို အညီအမျှသော အခွင့်အရေးတို့ဖြင့် ဖန်ဆင်း ပေးသနားတော်မူသည်။ သို့ဖြစ်၍ မည်သူမဆို အသက်မွေးဝမ်းကျောင်းမှ စ၍ လူမှုရေးရာ အဖြာဖြာတွင် လွတ်လပ်စွာ နေထိုင် လုပ်ကိုင် ဆောင်ရွက်ဘို့ လူတိုင်း အသီးသီးတို့၏ အခွင့်အရေးကြီးပင် ဖြစ်လေသည်။ လွတ်လပ်စွာ စိတ်ချမ်းသာစွာ နေထိုင်ဘို့ လူတိုင်းမှာ အခွင့်အရေး ပေးထားလေသည်။ ၎င်းအခွင့်အရေး လုံးဝ တည်တန့်စွာ ရှိဘို့ရန် အစိုးရများကို ခန့်ထားလေသည်။ အစိုးရတို့သည် ထိုအခွင့်အရေးတို့ကို ပျက်ပြားအောင် ပြုမူချေက ကျွနု်ပ်တို့ အလိုမရှိအပ်ပေ။ ၎င်းတို့ ပြုပြင် ပြောင်းလဲသွားရအောင် လုပ်ရပေလိမ့်မည် ဆိုသော စာတမ်းကို ရေးခဲ့လေသည်။ ၎င်းစာတမ်းကို ရေးခဲ့သူမှာ သောမတ်ဂျက်ဖာဆင် (Thomas Jefferson) ဆိုသူ ပုဂ္ဂိုလ်ကြီး ဖြစ်လေသည်။
ရှေးဖြစ်ဟောင်း
ဘိလပ် သို့မဟုတ် ဗြိတိသျှကျွန်းစုတွင် ၁၆၀၇ ခုနှစ်လောက်က ဘာသာရေးတွင် အချုပ်အချယ် အလွန်များပြားလေသည်။ ခရစ်ယန်တွင် ဘာသာနှစ်မျိုး ကွဲပြားနေ၏။ ဘုရင်ဂျီနှင့် ရေဖြန်း ဇာတ်နှစ်မျိုး ဖြစ်ကြ၏။ ရေဖြန်းဘာသာဝင်ဘုရင် နန်းတက်လျှင် ဘုရင်ဂျီတို့ကို နှိပ်စက် ညှင်းပန်းကြလေ၏။ ဘုရင်ဂျီဘုရင် နန်းတက်လျှင် ရေဖြန်းတို့ သက်သာခွင့် မရကြချေ။ ထိုညှင်းပန်းမှုကို မခံနိုင်သဖြင့် တချို့သော အင်္ဂလန်ပြည်သားတို့သည် အမေရိကံသို့ သွားရောက် နေထိုင်ကြ၏။ ၎င်းတို့သည် မြောက်အမေရိကံ ပင်လယ်ကမ်းနားဖြစ်သော မက်စချူးစက်စ်တ် (Massachusetts)၊ ပင်ဆယ်ဗီနီယား (Pennsylvania)၊ ရုတ်အိုင်လံ (Rhodes Island)၊ ဂျော်ဂျီယား (Georgia)၊ ကယ်ရိုလိုင်နား (Carolina) စသော နယ်ပယ်များတွင် မြို့သစ် ပြည်သစ် ထူထောင်၍ နေထိုင်ကြလေ၏။ မြောက်အမေရိကံ တောင်ပိုင်းဒေသများတွင်လည်း ပြင်သစ်လူမျိုးတို့ သွားရောက် နေထိုင်ကြလေသည်။ ထိုသို့ အစဉ်တစိုက် သွားရောက် နေထိုင်ကြပြီးနောက် အင်္ဂလိပ်နှင့် ပြင်သစ်တို့ စစ်နှစ်ကြိမ် ဖြစ်လေသည်။ ၁၇၄၇ ခုနှစ်မှ ၄၈ ခုနှစ်ထိ တကြိမ်သည် ဩစတေးလီးယားပြည် ထီးနန်းဆက်ခံ စိုးစံရေးကိစ္စအတွက် အငြင်းအခုံ ပွားပြီး War of Austrian Succession ခေါ် စစ်ကြီးကို ပြင်သစ်နှင့် ဗြိတိသျှတို့ တိုက်ကြလေသည်။ ၁၇၅၆ ခုမှ ၁၇၆၃ ခုနှစ်အထိ ၇ နှစ်တိုင်တိုင် Seven Years War ခေါ် စစ်ပွဲကြီးတခုကို ဗြိတိသျှနှင့် ပြင်သစ်တို့ တိုက်ကြပြန်လေသည်။ ထိုစစ်များတွင် ဗြိတိသျှတို့က အနိုင်ရ၏။ ထိုစစ်များကို တိုက်သောအခါ ဥရောပတွင်သာ မဟုတ်၊ အမေရိကံသို့ လာရောက်ပြီး ပြည်ထောင်သစ် ထူထောင်သူ အင်္ဂလိပ်အဆက်အနွယ်နှင့် ပြင်သစ်အဆက်အနွယ်တို့ကလည်း အမေရိကံတွင် တိုက်ခိုက်ကြ၏။
လွတ်လပ်ရေးစစ်ပွဲ

အမေရိကံပြည်တွင် နေသော ဗြိတိသျှတို့ စစ်နိုင်အောင် ကူညီသော ဗြိတိသျှအစိုးရတို့ကိ မိမိတို့မှာ စစ်ကူညီသဖြင့် စစ်စရိတ်ငွေ အကုန်အကျ များရကား အမေရိကံပြည်တွင်ရှိ လူတို့သည် အခွန်တော်ကို ပိုမိုထမ်းဆောင်ရမည်ဟု ပြောရာ အမေရိကံတို့က နားမဝင်နိုင်ကြချေ။ သို့ဖြစ်၍ တိုက်ရိုက်အခွန် ယူခြင်းစံနစ်ဖြင့် မဖြစ်မြောက်သောအခါ သွယ်ဝိုက်အခွန် ယူခြင်းစံနစ်ကို ဗြိတိသျှတို့က တည်ထွင်ကြ၏။ ၎င်းနည်းကား ၎င်းတို့ အခြားတွင် ရောင်း၍ မကုန်နိုင်သော လဘက်ခြောက်များကို အမေရိကံလူမျိုးများအား အတင်းအကြပ် အဝယ်ခိုင်းခြင်းပင် ဖြစ်၏။ အမေရိကံလူမျိုးတို့ကလည်း ရွံရွံမုန်းမုန်းနှင့် ဘော့စတန် (Boston) မြို့ ဆိပ်ကမ်းသို့ ရောက်လာသမျှ လဘက်ခြောက်သေတ္တာများကို ပင်လယ်ထဲသို့ အရမ်းဗလက္ကာရ ပစ်ချလိုက်ကြလေသည်။ မိမိတို့မှာ ကိုယ့်မင်းကိုယ့်ချင်းနှင့် လွတ်လပ်စွာ လုပ်ကိုင်နေမည်ဟု ဆိုကာ အမေရိကံသားတို့မှာ မခံနိုင်ကြ၍ ဂျော့ဝါရှင်တန် (George Washington) အမည်ရှိသော ပုဂ္ဂိုလ်ကြီ:ကို အမှူးထား၍ လွတ်လပ်ရေးစစ် တိုက်ခိုက်ကြလေသည်။ တိုက်ခိုက်ကြရာတွင် ပဋ္ဌမ တနှစ်−နှစ်နှစ်၌ အမေရိကံတို့က စစ်ရှုံးရလေသည်။ ၎င်းတို့မှာ စစ်မှုကျွမ်းကျင်သော သူများလည်း မဟုတ်ကြ၊ ငွေအင်အား လူအင်အားမှာလည်း အလွန်ပင်နည်း၊ ရာသီဥတုကလည်း ဆိုးဝါးသဖြင့် အမြောက်အမြား သေကြေပျက်စီး၍ စစ်ရှုံးရလေသည်။ ထိုသို့ ဖြစ်ပျက်သဖြင့် အချို့သော စိတ်အားပျော့သူ အမေရိကံတို့က ဗြိတိသျှလက်အောက်သို့ သစ္စာရေသောက်ပြီး ဝင်ရောက် ခိုလှုံကြပြန်လေသည်။ သို့သော် စစ်မှာ မပြီးပြတ်ဘဲ ဆက်လက် တိုက်ခိုက်ကြပြန်ရာ အင်္ဂလိပ်ကို မုန်းသော ပြင်သစ်တို့က ကူညီသည့်ပြင် ပြင်သစ်စစ်ဗိုလ်ကြီး လယ်ဖယ်ရက် (La Fayette) က လူအား ငွေအားဖြင့် လုံးဝကူညီခြင်း၊ စပိန်လူမျိုးတို့ကလည်း မိမိတို့ပိုင် ဂျီဘရော်တာ (Gibralta) ခံတပ်မြို့ကို အင်္ဂလိပ်တို့က သိမ်းပိုက်ထားသည်ကို မခံမရပ်နိုင်ကြသဖြင့် အမေရိကံတို့ဘက်မှ စစ်ကူ၍ တိုက်ခိုက်ကြ၏။ ထို့ပြင် ဟော်လန်တို့ကလည်း ကူညီပြန်၏။ ပြင်သစ်၊ စပိန်၊ ဟော်လန် စသော လူများ ဝိုင်းဝန်း ကူညီ၍ တိုက်ခိုက်ခြင်းဖြင့် အမေရိကံက အနိုင်ရလေသည်။ ထိုစစ်ကြီးသည် ၁၇၇၄ ခုနှစ်မှ ၁၇၈၃ ခုနှစ်အထိ ၉ နှစ်တိုင်တိုင် တိုက်ခိုက်ခဲ့ရလေသည်။ ဂျော့ဝါရှင်တန် အမှူးထား၍ လွပ်လပ်ရေးတိုက်ပွဲကြီးကို အောင်မြင်သောကြောင့် အမေရိကံတို့မှာ လွတ်လပ်သော တသီးတခြားဖြစ်သည့် အမေရိကံပြည်ထောင်စုကြီးကို ၁၇၈၃ ခုနှစ်မှ စ၍ တည်ထောင်ကြလေသည်။ ၁၇၇၆ ခု၊ ဇူလိုင်လ ၄ ရက်နေ့တွင် အထက်က ဘော်ပြခဲ့သော လွတ်လပ်ရေးစာတမ်းကို စတင် ကျေညာသောကြောင့် နှစ်တိုင်းနှစ်တိုင်း ဇူလိုင်လ၊ ၄ ရက်နေ့ကို အမေရိကံ အမျိုးသားအောင်ပွဲနေ့ဟူသော အထိမ်းအမှတ်ဖြင့် အောင်ပွဲ ဆင်နွှဲကြ၏။
စနေ နဂါးနီ
အတွဲ (၂) အမှတ် (၃၉)
၁၉၄၁ မတ် ၈

Comments
Post a Comment