အားလုံးသိကြတဲ့အတိုင်း ကျမရဲ့ခင်ပွန်းသယ်ဟာ မသမာတဲ့ ရန်သူရဲ့လက်ချက်နဲ့ တိုင်းပြည်အတွက် အလုပ်ခွင်မှာ ကျဆုံးရရှာပါတယ်။ ကျမတော့ဖြင့် ကျမရဲ့ခင်ပွန်းသယ်ဟာ ဒီတသက်မှာ ရန်သူရဲ့လက်ချက်နဲ့ ဒီလို မရှုမလှကျဆုံးရမယ်ဆိုတာ ဘယ်တုံးကမှ မယုံခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးခေါင်းဆောင်တယောံ ဖြစ်နေမေတဲ့ အဆိုးဆုံးသောရန်သူကပင် သူ့ကိုဖြင့် မုန်းတည်းတယ်ဆိုတာ မကြားခဲ့ဘူး။ သူ့ရဲ့ ဖြောင့်မတ်တဲ့စိတ်၊ သူ့ရဲ့ ကြင်နာတတ်တဲ့သဘော၊ သူ့ရဲ့ ရိုးသားတဲ့ဂုဏ်တွေဟာ သူ့အဘို့မှာဆိုရင် တကယ်စွမ်းတဲ့ ဆေးဝါးမန္တရားများလိုဘဲ ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ကျမ မှတ်မိသလောက်ပြောရရင် နယ်ချဲ့သမားကို တော်လှန်ဘို့ ပဋ္ဌမဆုံး အစီအစဉ်လုပ်တုံးက ကျမခင်ပွန်း သခင်မြဟာ ယိုးဒယားနယ်ခြားကို အထွက်မှာ ထားဝယ်ဘက်တွင် သူပုန်များ ဘမ်းဆီးမိ၍ သတ်မည့်ဆဲဆဲလုပ်တုံးမှာ ကယ်ဆယ်သူပေါ်၍ တခါလွတ်ခဲ့တယ်။ တခါကလဲ ကျိုက်ထိုမှာ စခမ်းချရာ သူနေတဲ့အိမ်ကို ဗုံးကြဲတဲ့အခါမှာ အခြားလူတွေ သေသွားပေမဲ့ သူ့မှာ လွတ်ခဲ့တယ်။ ဂျပန်တခေတ်လုံးလဲ သူ့မှာ ဂျပန်လက် ဝကွက်ခံရတဲ့ဇာတ်လမ်းတွေ ကခဲ့ရတယ်။ ဂျပန်တွေကို အတိအလင်းပုန်ကန်လို့ ဂျပန်တွေ ဆုတ်ခွါရတဲ့အခါ တော်လှန်ရေးခေါင်းဆောင်တွေ လူစုခွဲရတဲ့နေရာမှာ သူဟာ ဂျပန်တွေနဲ့ အသေခံလိုက်ပြီး ကိုယ့်တော်လှန်ရေးသမားတွေကို ကယ်ရမဲ့တာဝန် ကျခဲ့တယ်။ နောက်ပြီး မော်လမြိုင်မှာ ဘီအိုင်အေဆိုတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကို မြို့တော်ခန်းမကြီးကနေပြီး အရိုအသေပြုနေတုံးမှာ ရန်သူလေယာဉ်ပျံတွေ လာပြီး စက်သေနတ်နဲ့ ပစ်တုံးက သူ မှဲ့တပေါက် မစွမ်းခဲ့ဘူး။
ဒီလို တစိမ့်စိမ့်တွေးပြီး ကြောက်စရာကောင်းတဲ့ အလုပ်ကြီးကို သူဟာ ပြုံးပြုံးကလေးနဲ့ လက်ခံလိုက်လို့ ကျမတောင် မိန်းမသားတန်မဲ့ သူနဲ့ တပါထဲ လိုက်ခဲ့တယ်။ အဲဒီတုံးက လမ်းမှာဆိုတာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဗုံးကြဲ စက်သေနတ်ပစ် ခံရပေမဲ့ သူဟာ မသေခဲ့ဘူး။ ဒါကြောင့် ကျမအဘို့မှာ လွတ်လပ်ရေးစခမ်း မရမချင်း သခင်မြဟာ သူတပါးလက်ချက်နဲ့ ဘယ်တော့မှကျဆုံးမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။
ဒါပေမဲ့ သင်္ခါရတရားကြီးဟာ ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ သူ ဟောပြောလေ့ရှိခဲ့တဲ့ "သေတာဟာ အဆန်းမဟုတ်ပါဘူး" ဆိုတဲ့အတိုင်း သူတော့ဖြင့် မဆန်းတဲ့သေလမ်းကို မြန်းခဲ့ပါပြီ။ ဒါကြောင့် ကျမအဘို့ဆိုရင် ပရိဒေဝမီး ဘယ်လောက်တောက်တောက် ဗိုလ်ချုပ်နှင့်တကွ ကျမခင်ပွန်းအပါအဝင်ဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို လုံးဝထမြောက်သည်အထိ လိုက်ဘို့သာ ရှိပါတော့တယ်။ အခုဆိုရင် အသင်းအဖွဲ့ အသီးသီးတွေကလဲ ခေါင်းဆောင်ကြီးများရဲ့ လုပ်ငန်းစဉ်အတိုင်း တညီတညွတ်တည်း လုပ်ကြကိုင်ကြမယ်လို့ အဓိဋ္ဌါန်ပြုကြတယ်ဆိုတါ သိရတဲ့အတွက် အထူးအားတက်မိတယ်။ ဒီလို လုပ်ကြမယ်လို့ အဓိဋ္ဌာန်ပြုကြတာလဲ ပူပူနွေးနွေး ဆွေးတုံးလွမ်းတုံး ပြောတဲ့စကားမျိုး မဖြစ်စေဘဲ ထာဝစဉ်ညီညွတ်တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ လုပ်ငန်းစဉ်ကို လုပ်ကြပါစို့ဆိုတာ ကျမက လေးစားစွာ သွေးချင်းသားချင်းတို့အား အမှာစကား ပြောကြားလိုက်ပါတယ်။
ဖဆပလ သတင်းစဉ်
အတွဲ (၁) အမှတ် (၃၅)
၁၉၄၇ ဩဂုတ် ၉
Comments
Post a Comment