ဗိုလ်ချုပ်တို့ လျှို့ဝှက်စည်းဝေး

မေးပါများ စကားရ၊ သွားပါများ ခရီးရောက်။ ထိုစကားသည် သတင်းထောက်များ၏ လက်သုံးဖြစ်၍ သတင်းထောက်သည် မေးသင့်မေးအပ်သော ကိစ္စ၌ မေးခွန်းစက်သေနပ်ကို ဒလစပ် ပစ်ခပ် သုံးစွဲကြရာသည်။ ထိုနည်းတူပင် သတင်းထောက်သည် တနေရာတည်း ငြိမ်နေ၍ မရ။ သတင်းရတတ်သော နေရာများကို နေ့ညနာရီမပြတ် သွားနေကြရပေသည်။
သွားပါများ၍ ဗိုလ်ချုပ်အောင်ဆန်းတို့၏ ဖဆပလခေါင်းကြီးပိုင်း လျှို့ဝှက်အစည်းအဝေး သတင်းရပုံကလေးကိုကား ယနေ့တိုင် မမေ့နိုင်ပါ။
စက်တီးသမားမို့ နေ့စဉ် ချောင်ကြိုချောင်ကြား သတင်းရတတ်သော နေရာမကျန် သွားလေ့သွားထရှိသော စာရေးသူသည် ထိုနေ့က မြို့အနှံ့ ရောက်ခဲ့ပြီးမှ အတွင်းဝန်ရုံးရှိ ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းသို့ လာခဲ့မိပေသည်။ အချိန်မှာ ညနေ ၄ နာရီကျော်ပြီမို့ အတွင်းဝန်ရုံးထဲ၌ လာနေကြသတင်းထောက်များပင် ပြန်ကြလေပြီ။ သူတို့တတွေ မရှိ၍လား မသိ၊ ဗိုလ်ချုပ်၏ ရုံးခန်းတဝိုက်၌ ရှင်းနေ၏။
မှတ်မိသလောက် ထိုနေ့က စာရေးသူမှာ ပြည်ထောင်စုဘဏ်၌ သတင်းစောင့်ရင်း ကြာသွားခဲ့၏။ ထိုမှလည်း သတင်းသုံးပုဒ် ရခဲ့ပြီး၍ အိတ်ဝင်သပိတ်ဝင် ဖြစ်နေ၏။ သို့သော် နိုင်ငံရေးပိုင်း သတင်းမရလိုက်မှာ စိုး၏။ ထို့ကြောင့် လာနေကျ ဗိုလ်ချုပ်ရုံးခန်းကို ကြိုးစားပန်းစား လာခဲ့ခြင်းပင်။
ဗိုလ်ထွန်းလှ၏ အခန်းအနီးကို ရောက်လျှင်ပင် စာရေးသူ၏ နားက အသံတသံကို ကြားလိုက်ရ၏။
"ဆရာ ... ခုဘဲ ကျွန်တော်လာခဲ့မယ် ... ဗိုလ်ချုပ်ကလဲ မှာတယ်။ ဒေါက်တာဘဟန် ပါမလာရင် ခင်ဗျားပါ မလာနဲ့တဲ့။ ဟုတ်ကဲ့ ဒီအတိုင်းပြောလိုပါဆရာ။ ကျွန်တော် လာခဲ့မယ်နော်"
စာရေးသူသည် အသံကို ကျက်မိ၏။ ထိုလူကား ဦးဖေခင် (ယခု သံအမတ်ကြီး) ဖြစ်သည်။ ဗိုလ်ထွန်းလှ ရုံးခန်းထဲမှ ဖုံးပြောနေခြင်း ဖြစ်၏။
ဦးဖေခင် ... ဗိုလ်ချုပ် ... ဒေါက်တာဘဟန် ... အသိတရားကား ဝင်လေပြီ။
ထို့ကြောင့် ဘာလဲ ဘာလဲ ဘယ်လိုသတင်းလဲ ဘာဖြစ်လို့ ဒေါက်တာဘဟန်ကို ဗိုလ်ချုပ်က တွေ့ချင်သလဲ ...
စာရေးသူကား တွေ့ပြီး စက္ကန့်ပိုင်းအတွင်း ပြဿနာ၏ အဖြေကို ရှာနေဆဲ၊ ဗိုလ်ထွန်းလှ ရုံးခန်းအတွင်းမှ ဦးဖေခင် ပြာပြာသလဲထွက်လာကာ စာရေးသူအား ပုခုန်းပုတ်နှုတ်ဆက်ရင်း ပြေးလေ၏။
"ဒီမှာ ... ဦးဖေခင်"
စာရေးသူက လှမ်းခေါ်၏။ လိုက်ခေါ်၏။ မရပေ။ ဦးဖေခင်ကား ရုံးအောက်သို့ ဆင်းပြေးပြီး ကားတစင်းနှင့် ထွက်ပြေးလေ၏။
စာရေးသူလည်း ဦးဖေခင်ကို ဆင်းလိုက်ရင်း ရုံးအောက်ရောက်သွားပြီးမှ ဗိုလ်ထွန်းလှထံ ပြေးတက်လာရာ ဗိုလ်ထွန်းလှ မရှိပေ။ ယခုမှ အသိဉာဏ်ဝင်လာ၏။ ဗိုလ်ထွန်းလှမရှိလျှင် ဗိုလ်ချုပ်ပြန်သွားပြီဟု သိ၏။ ထို့ကြောင့် အင်း ဒါဟာ သတင်းတခုခုဘဲဟု မှန်းယူပြီး ရုံးအောက်သို့ ပြေးဆင်းလာ၏။
ထိုအချိန်၌ ဗမာ့ခေတ် ဦးကိုကိုလေး ရောက်လာ၏။ စာရေးသူကား ဝမ်းမြောက်သွား၏။ ဤသတင်းကို (စကု) မလုပ်ချင်။ ဦးကိုကိုလေး၏ အကူအညီကိုယူပြီး လိုက်ရလျှင် ပိုမြန်မည်ဟု ထင်၏။
"ဟေး ... ဖိုးတင့်ဆွေ ... ဘာရလဲ"
"ဆရာ ... သတင်းရှိတယ် ... လိုက်ရမယ်"
"ဘယ်လိုလဲ"
စာရေးသူက ကြားသမျှ အကုန်ပြောပြလိုက်၏။ ဦးကိုကိုလေး ပြုံးလာ၏။
"ဟ ... ဒီလိုဆို ဒေါက်တာဘဟန်ဆီ သွားမယ်"
နှစ်ဦးသား အတွင်းဝန်ရုံး ဂျူဒါအီစကယ်လမ်းဘက်မှ ထွက်လာကြ၏။ အပြင်ရောက်လျှင်ပင် 'လာဟေ့ အစိုးရပုံနှိပ်တိုက်ထဲ သွားကြမယ်' ဟု ဦးကိုကိုလေးက ဆို၏။
"ဘာလုပ်ဖို့လဲ ... ဆရာ"
"ဟကောင် ... ဒေါက်တာဘဟန်က ဒီအထဲမှာ နေတာ။ ဦးဝကြီးတို့ အခန်းမှာဟ"
"​ဪ ..."
စာရေးသူတို့နှစ်ဦး ဒေါက်တာဘဟန်နှင့် ရှောရှောရှုရှု တွေ့ကြ၏။
ဗိုလ်ချုပ်တို့ ဖဆပလများ ဘိလပ်သို့ သွားကြရမည်ဖြစ်ရာ လွတ်လပ်ရေးစကားကို ဘိလပ်၌ ပြောကြရမည်။ ဤနေရာတွင် ဥပဒေအခက်အခဲ ကြုံရ၏။ (Burma Nationals - Citizens) ဟူသော စကားရပ် ၂ ရပ်ကို ဥပဒေဘောင်ဝင်အောင် ဘိလပ်၌ ရှင်းလင်း သရုပ်ခွဲပြရသည် ဖြစ်၏။ ထို့ကြောင့် ဒေါက်တာဘဟန်ထံ အကူအညီတောင်း၏။
"ဖေခင်လာတာ ... ဒီကိစ္စဘဲကွ။ ကျော်ငြိမ်းက ငါ့တပည့်မဟုတ်လား။ ကျော်ငြိမ်းရဲ့အမိန့်နဲ့ ငါ့ လာဖိတ်တယ်ကွ"
"ဆရာ မလိုက်ဘူးလား"
"မလိုပါဘူးကွာ။ သူတို့မလဲ ဥပဒေပါရဂူတွေ ရှိနေသားဘဲ"
"သူတို့က ဆရာ့ကို ဘယ်လာရမယ်လို့ ဖိတ်သလဲ"
"သူတို့ ... အခု ကျော်ငြိမ်း ဆေးရုံတက်နေတဲ့ ဆေးရုံကြီးအထူးခန်းမှာလေကွာ"
"ကျေးဇူးဘဲ ဆရာ"
"စာရေးသူတို့နှစ်ဦး ရန်ကုန်ဆေးရုံကြီးအထူးခန်းသို့ ပြေးကြသည်။ အထူးခန်း၌ ဗိုလ်ချုပ်နှင့် ဖဆပလခေါင်းဆောင်များကို ပက်ပင်းတိုး၏။
ဗိုလ်ချုပ်က မောင်းထုတ်၍ ဘာမှဆက်သိခွင့်မရဘဲ ပြန်ခဲ့ကြရ၏။ သို့သော် ဒေါက်တာဘဟန်ထံမှ ရရှိချက်အပေါ် မူတည်၍ ဗမာ့ခေတ်နှင့် ပြည်သူ့ဟစ်တိုင်တို့က နောက်တနေ့ သတင်းဖေါ်ပြနိုင်ခဲ့လေသတည်း။ ။

ဂျာနယ်ကျော် တင့်ဆွေ

သတင်းစာ မဂ္ဂဇင်း
၁၉၆၄ ခု ဖေဖော်ဝါရီ

Comments