တက္ကသိုလ်ကျောင်းများလည်း ဖွင့်ကြလေပြီ

ယောက်ျားကလေးများနှင့် မိန်းကလေးများ မိတ်ဆက်ဆိုရှယ်ပွဲများလည်း လာလေတော့မည်

အို ... ရဲဘော်တို့ ဒဿမတန်းကို (က) တန်းမှအောင်သော ကျောင်းသူကျောင်းသားအပေါင်းတို့ အချို့သော အဆွေတို့သည် ရန်ကုန်တက္ကသိုလ်သို့ သွားကြပေအံ့။ ထိုသို့သောအခါ တက္ကသိုလ်တွင် သတင်းကြူသော ဆိုရှယ် (ဝါ) မိတ်ဆက်ညီလာခံတို့ကို တက်ရောက်ကြကုန်သည်ရှိသော် အကျွန်ုပ်ကဲ့သို့ ဧရာမအရှက်တော်ကြီး မကွဲမူဘဲ ဆိုရှယ်ဝါးဝစေရန် ရည်ရွယ်အပ်သတည်း။ ဤသို့ဤသို့ စေတနာရင်းကြောင့် နိဗ္ဗာန်မရောက်မီစပ်ကြားတွင် ငါသည် မစွန့်ခြင်းမဖြစ်မှသည် စွန့်ခြင်းအဖြစ်သို့ ရောက်ရပါစေသတည်း။

ဆိုရှယ် တခါတက်ဘူး၍ ဆိုရှယ်အရသာကို မြီးဘူးပါပြီ။

ဟိုက်စကူး၌ ရှိစဉ်ကပင် ဆိုရှယ်ဆိုသည်မှာ သွားကောင်းသောနေရာမဟုတ်ဟု ဆိုရှယ်တိုင်း မလွတ်တမ်းတက်လေ့ရှိသော နောင်ကြီး၏ ဩဝါဒကို နာကြားရသည်မှစပြီး ဆိုရှယ်သို့ သွားလိုသောဆန္ဒများ တဖွါးဖွါးတရွရွ တက်ကြွလာပါသည်။ ထို့ကြောင့် __ ခု __ လ __ နေ့ ည ၆ နာရီခွဲတွင် အခွင့်ကောင်းကြုံသဖြင့် မဝတ်ဘူးသော အဝတ်အစား၊ မဖီးဘူးသော ကေသာ၊ မစီးဘူးသော ပန့်ရှူး ကြပ်ချွပ်နှင့် အမရပူရဆိုရှယ်ကို တက်ရောက်ခဲ့ပါသည်။ ဆိုရှယ်ဆိုသည်မှာ ဤသို့ကိုးဟု ကျီးကန်းတောင်းမှောက် မျက်စိများဖြင့် လွန်စွာ ကျေနပ်သွားပါသည်။
မှတ်မိကြပါသေးသလော ...
တက္ကသိုလ်ကျောင်းသူကျောင်းသားများ ဖျာပုံသို့ ဗဟုဿုတ အရှာသွားကြစဉ်က ... ဤသို့ ... ဤသို့ ...
တက္ကသိုလ်ရာဇဝင်အသင်းက ဖျာပုံသို့ သင်းဘောစင်းလုံးငှားပြီး သွားသည့်အခါ ဤပုံများ ပေါ်ထွက်လာ၍ တိုင်းပြည်က တက္ကသိုလ်အရေးကို အတော်ပင် ဆွေးနွေး စိတ်ထက်သန်ခဲ့ကြဘူး၏

အဝင်ဝတွင်ပင် ဆိုရှယ်လူမှုလူရာ၌ မကျွမ်းကျင်သဖြင့် ဧရာမအရှက်ကြီး ရပါသေးသည်။ အဝတွင် ကျောင်းသူချောချောကလေး ၂ ဦး ဘန်းကလေးကိုယ်စီဖြင့် လက်မှတ်လိုလို စက္ကူချပ်ကလေးတွေ ကိုင်ထားရာ အညာအလှူမင်္ဂလာဆောင်ကဲ့သို့ ဘိနပ်သိမ်းရန် လက်မှတ်ကလေးထင်ပဟု တွေးကာ ဘိနပ်ချွတ်မယောင် လုပ်မိသောကြောင့် ဆိုရှယ်ကို ၃ ကြိမ်တိတိ တက်ဘူးသော မိတ်ဆွေက မာန်မဲလေတော့မှ တဝက်ခန့်ချွတ်ပြီး ဘိနပ်ကို ပြန်စီးရင်း 'အို ... ဘိနပ်က အသစ်ကြီးမို့ ဘိနပ်ပေါက်တာနဲ့ ချွတ်မလို့' ဟု ပြောရာ ထိုမချော ၂ ဦးမှာ ဘာသဘောကျသည်မသိ တခွိခွိဖြစ်နေပါတော့သည်။

ရှက်ရှက်နှင့် ဇွတ်ဝင်တော့မည်အလုပ် 'လက်မှတ်လေ' ဟု တယောက်ကပြောသောကြောင့် ကပ်ပြားကလေးကို ယူခဲ့ရာ အတန်ငယ်သွားပြီးမှ ထိုကပ်ပြားကလေးမှာ ထက်ဝက်မျှသာ ပါသောကြောင့် အူရားဖါးရား ပြန်သွားကာ 'ဗျို့ ကျုပ်နှမ အဲလေ မဟဝါ ဟုတ်သေးပါဘူး။ အဲ ... အဲ ဆိုပါတော့ဗျာ ... ခင်ဗျားလက်မှတ်ကလဲ ထက်ခြမ်းကြီးပါလားဗျ' ဟု စောဒကတက်နေဆဲ နောက်မှ မှီလာသော မိတ်ဆွေက 'ဟေ့လူ မအူစမ်းပါနဲ့ ကျုပ်နဲ့လိုက်ခဲ့' ဟု အတင်းဆွဲခေါ်သွားပါသည်။

အခန်းမကြီးသို့ ရောက်ကြ၍ ပရိဿတ်စုံသောအခါ အကျိုးဆောင်က လာရောက်ချီးမြှင့်သော ပရိဿတ်အား မည်သို့ပြုရမည်ကို ရှင်းပြပါသည်။ ဆိုခဲ့ပြီးသော ကပ်ပြားဝက်မှာ မိန်းကလေးတယောက်တွင်ရှိသော အခြားကပ်ပြားဝက်နှင့် တူသောကြောင့် ရှာဖွေစပ်ယူခြင်းဖြင့် တဦးနှင့်တဦး မိတ်ဆွေဖြစ်ရန် ရည်စူးထားခြင်း ဖြစ်၏။

ကျွန်တော့်နံပါတ်မှာ ၁၃ ဖြစ်၍ စာများမှာ 'သေ __ ချစ်ပါတယ် __ ဆန်လှတယ်' ဟု ပါသဖြင့် တန်ရော့ ကော်တာဘဲ 'သေ (အောင်) ချစ်ပါတယ် (ခင်ရယ် ခင်ဟာ ခေတ်) ဆန်လှတယ်' ဆိုတာဖြစ်မှာဘဲဟု စိတ်ထဲတွင် ကွက်လပ်များဖြည့်ပြီး ပီတိစိတ်တွေ တက်နေပါတော့သည်။

 သို့နှင့် အခြားထက်ဝက်ကပ်ပြားနှင့် ဆက်ရန် အချက်ပေးသည်နှင့်တပြိုင်နက် ကျွန်တော်မျက်စိကျနေသော ကျောင်းသူချောချောကလေးထံသွား၍ ဆက်ရန်သွားရာ ကျွန်တော်လို အကြံသမားဒါဇင်ဝက်မျှ ဝိုင်းနေနှင့်ပြီဖြစ်သဖြင့် ရုပ်ရှင်လက်မှတ်တိုးရသလို ဝင်တိုးကာ နံပါတ်တိုက်ရန် ကြိုးစားရပါတော့သည်။ ကျွန်တော်လည်း 'လူသာ အနာခံမယ်၊ ဘိုကေနဲ့ခြေနင်းတော့ မထိနဲ့' ဆိုသော တက္ကသိုလ်ကျောင်းသားများ၏ ဝသီကို သိသောကြောင့် တဦးဘိုကေကို တတောင်ဖြင့် မတော်တဆ ခိုက်မိသလိုလို တွက်ပြီး တယောံ၏ဘိနပ်ဦးကို နင်းလိုက်မှ အာဠာဝကမျက်စောင်းတွေချီကာ လူရှင်းသွားပါသည်။
အခွင့်ရ၍ နံပါတ်တိုက်သောအခါ ဝါစင်နေပါသည်။ ဤသို့ မိန်းခလေးချောချောတွေနှင့် နံပါတ်တိုက်ပြီး မည်သည့်နံပါတ်နှင့်မျှ မကိုက်သောကြောင့် ဝမ်းနည်းစွာ ထိုင်ရန်အသွား 'ကျမနံပါတ်နဲ့များ တူနေမလားမသိ' ဟု ညောင်နာနာအသံဖြင့် ပြောသံကြား၍ လှည့်ကြည့်ရာ ပဉ္စပါပီတဦးကို မြင်ရသောကြောင့် အားတုန့်အားနာစိတ်မပါဘဲ စိုက်ကြည့်ရာ နံပါတ်ချင်း အံကိုက်ဖြစ်၍ စာကို ဆက်ဘတ်ရာ 'သေ (ချင်းဆိုးကြီး၊ နင်က) ချစ်ပါတယ် (ဆိုပေမဲ့ ငါ အော်ကလီ) ဆန်လှတယ်' ဟု ပါရှိသဖြင့် မျက်နှာမထားတတ်အောင် ဖြစ်သွားပါသည်။

ထို့နောက် ကစားနည်းတမျိုးကို အကျိုးဆောင်က သင်ပြပါသည်။ မိန်းမတတန်း၊ ယောက်ျားတတန်း မျက်နှာချင်းဆိုင် စီတန်းရပ်နေရ၍ အလည်၌ နှစ်ယောက်လျှင် လက်ကိုင်ပုဝါတခုကျ လက်ကိုင်ပုဝါ ချထားပါသည်။ အချက်ပေးသည်နှင့်တပြိုင်နက် လက်ကိုင်ပုဝါကို လုကြရပါသည်။ မရသူက ထွက်ပေးရခြင်းအားဖြင့် လူအများဆုံးကျန်သော အတန်းမှ အနိုင်ရခြင်းဖြစ်၏။

ပထမ ၃ ကြိမ်တွင် ကျွန်တော်ချည့် ရပါသည်။ ရယုံမျှမက ကုန်း၍အကောက်တွင် တမင် ခပ်မော့မော့ထားသော ကျွန်တော်၏ မျက်ခွက်ပေါ်မှ နှာခေါင်းသည် မရိပ်မိရှာသော လုံမပျိုကလေးတို့၏ ပါး နဖူး ဆံရင် ပါးစပ်စွန်း စသည်တို့ဖြင့် ပွတ်တိုက်ကြည်စယ်လေ့ ရှိပါသည်။ သို့သော် အကြိပ်အနယ် နောက်ဆုံးအကြိမ်တွင် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်သူမှာ ဇော်ဝိတ်မကြီးဖြစ်၍ အရှိန်ကြီးစွာဖြင့် ကောက်ကူရာတွင် သူ့မဟာနဖူးနှင့် ကျွန်တော့်နဖူးမှာ ပြင်းပြင်းကြီး ဖူးစာဆုံကာ ဒေါက်ခနဲဟူသော ဩဘာသံကြီး မြည်ဟီးသွားပါသည်။ ထိုအတွက် ကျွန်တော့မှာ ပုဝါကောက်ပွဲ ပြီးသည်နှင့်တပြိုင်နက် 'ဘုကြီး' ဟူသော နာမဝိသေသနတလုံး တိုးလာပါသည်။

ဤသို့လျှင် နာမည်ကြီးနေဆဲ 'သီချင်းကုလားထိုင်' ကစားနည်းတွင် ဝင်နွှဲပါသည်။ ကုလားထိုင်များကို ကျောချင်းကပ် စီထားပြီးလျှင် ယောက်ျားမိန်းမ တယောက်ခြားစီတန်းကာ စန္ဒယားတီးနေစဉ် ပတ်၍ လျှောက်ကြရ၏။ သီချင်းသံရပ်တိုင်း ဗြုံးကနဲ လု၍ထိုင်ရ၏။ ကျွန်တော့်နောက်မှ လိုက်လာသော မိန်းခလေးကြီးမှာ ဆင်ပိန်ကျွဲကြီးဖြစ်၍ ကျွန်တော်၏ အတ္တဘောကြီးမှာလည်း ၁၄ စတုန်နှင့် ၂ အောင်စ ရှိသောကြောင့် သီချင်းသံရပ်သည်နှင့်အတူ 'ဂျွတ် ... ဂျွတ် ... ဒိုင်း' ဟူသော အသံနှင့်တကွ ကြမ်းပေါ်တွင် ကုလားထိုင်အစအန၊ ထိုအပေါ်မှ ကျွန်တော်၊ ထိုကျွန်တော့အထက်မှ မဘုတ်ဆုံကြီး ဖြစ်နေပါတော့သည်။

၎င်းနောက် ဆိုရှယ်တွေ၏အသဲ၊ ဆိုရှယ်တွေ၏ ကမ္ဗလီ အရသာတုံးကြီးဖြစ်သော 'မီးမှိတ်လိုက်ရှာ' ကစားကြပါသည်။ အများအားဖြင့် ထိုသိုက်ရှာပွဲကို ဒွယံ ဒွယံ ထွက်လေ့ရှိကြသော်လည်း ကျွန်တော့မှာ လောဘသားပီပီ တယောက်တည်း ကောင်းစားကြံကြံပြီး ထွက်လာခဲ့ပါသည်။ သိုက်ညွှန်းရွှေပေလွှာအတိုင်း ခရီးအတန်ပေါက်ကာ ဟုတ်နိုးနိုးရှိတုန်း သိုက်ညွှန်း၌ မြောက်သို့ ခြေလှမ်း ၅၀ လှမ်း၊ အမှန် အိမ်သာတွေ့ရအံ့။ ထိုမှတဖန် ရှေ့သို့ပြန်၊ အခမ်း အမြန်တွေ့လတံ့။ လရောက်အောက်က တူမောင်နှံ၊ အောက်ကလှန်၍ ရှာလေလော့ဟု ပါရှိသဖြင့် ရေအိမ်ကို နံနံစော်စော်နှင့် လွန်ဖြတ်ခဲ့ပြီး ပွင့်နေသောအခန်းထဲသို့ ဝင်ခါနီး မောင်မယ်နှစ်ဦး လက်ရမ်းပေါ်တွင် ထိုင်နေကြလျက် တော်သလင်းနေသည်ကို တွေ့ရသောအခါ တန်တော့၊ ဟန်ပြီ၊ သိုက်အောင်တော့မည်ဟု တွေးကာ သိုက်ညွှန်းအတိုင်း လိုက်နာမည်အပြု ကြီးမားမာကြစ်ဟန်ရှိသော လက်သီးကြီးသည် ကျွန်တော့ပါးချိတ်ဆီသို့ အပြေးဝင်လာသဖြင့် သိုက်အောင်ခါနီးမှ သိုက်စောင့်၏ သူရဲနှင့် တွေ့ရသောကြောင့် ဆိုရှယ်မပြီး သိုက်မပွင့်မီ ကျောင်းဆောင်အရောက် ပြေးခဲ့ရပါတော့သည်။

စင်စစ်သော်ကား သိုက်ညွှန်းသည် မှန်၏။ အကြောင်းမူကား အဆိုပါ ပွင့်နေသော အခန်းတွင်းရှိ 'လရောင်အောက်တွင် ကြည်နူးနေသောမောင်နှံ' ဟူသော ရုပ်ပုံအောံတွင် သိုက်ရတနာ ရှိသောကြောင့်တည်း။ နောက်နေ့တွင် သိုက်အောင်သူထံ သွား၍ မေးမြန်းရာ နှာခေါင်းရှုံ့၍ ထုတ်ပြ၏။ ထိုပစ္စည်းစုကား 'ဤမနောမယိဒ္ဓိ အာယုဝဍ္ဎနဆေးကို တနေ့လျှင်တလုံးကျ မှီဝဲလေ။ သေသည်အထိ အသက်ရှည်အံ့' ဟူသော စာနှင့် လေးလုံးဆိတ်ချေးတို့သာတည်း။

တက္ကသိုလ် ထင်ကြီး

ဂျာနယ်ကျော်
အတွဲ (၉) အမှတ် (၁၂)
၁၉၄၁ ဇွန် ၂၁

Comments