မြို့ဝန် ဦးသာအိုးအကြောင်း လေးချိုး

ပါးပြင်မှာ မင်ဆေးနှင့် ယဉ်ကျေးတဲ့ပုံမူ
ဓါးပြရန်ပယ်ကို နံလွယ်ကာကြိုးကြိမ်ပိုက်လို့
ရှေ့လိုက်ဝဲယာကျင်း မင်းမတ်တဆူ
ကွန်းစင်တိုင်ရှေ့ရုံးမှာ တွေ့မှုန်းချည့် ဘက်မတူ
ထွက်ပြူလို့ ပေါ်စမ်း
ဆိုးသွမ်းလျှင် ကျိုးကန်းတွင်မတန်ပေါင်ပ
သံတံတောင် နံမြောင်ခင်းပါလို့
နုကွင်းတွင် သေပေစေတော့
လူမွှေစီရင်လိုက်မည်ဟု
ကင်းဝိုင်းလို့ဖမ်း ။ ။

၁၂၂၃ ခု၊ လွှတ်စာရေးကြီး ဦးကောင်း (နောင် ကင်းဝန်မင်းကြီး)

ဝေါဟာရအဖွင့်

ရှေ့လိုက်
မြို့တော်ဝန်က ဆင်မြင်းနှင့်သော်၎င်း၊ ခြေကျင်သော်၎င်း သွားသောအခါ မျက်နှာချင်းဆိုင်လာသူက ဘေးဆင်းထိုင်ရသည်။ မဆင်းလျှင် ရိုက်နှက် အထိုင်ခိုင်းသည်။ ထိုသို့ပြုရန် ကြိုး၊ ကြိမ်၊ ဓါးတို့ လွယ်သော အာဏာအမှုထမ်း ၂ ယောက် လိုက်သည်။ ထိုသူတို့ကို ရှေ့လိုက် ခေါ်သည်။
ကွန်းစင်တိုင်ရှေ့ရုံး
အရှေ့ရာဇဝတ်ရုံး ကွန်းစင်တွင် မြို့တော်ဝန်သာ နေခွင့်ရခြင်းကို ညွှန်းသည်။
သံတံတောင်
အရှည်တတောင် လုံးပတ်တကိုင်ခန့် သံလုံး။
နုကွင်း
လက်ကောက်ဝတ်နှစ်ဘက်ကို ပူး၍ ကြိုးသေးသေးနှင့် တင်းကြပ်စွာချည်ပြီးမှ အာဏာသားက လက်နှစ်ဘက်ကို လှည့်သည့်အခါ အသားထဲသို့ ကြိုးမြုပ်၍ နာကျင်ရသည်။ ထိုကြိုးကွင်းကို အနုကွင်း ခေါ်သည်။

ဦးဘလွင် (၁၉၅၇) "ရွှေမန်းနှစ်တရာ၊ ခေတ်အခါ"။ ယုဝ ရောင်စုံပုံနှိပ်တိုက်။

Comments