ခေတ်စမ်းသင်္ကြန်စာ

ဇေယျတု အရေးတော်ပုံ အောင်ပါစေ။ ကမ္ဘာပေါ်ဦး ပြတကူးက သက္ကရာဇာ မာဃာခေါ်တွင် နတ်အာဏာရှင်သည် လူတွင်ချိန်ဆ သင်္ကေတကို ရကြစေကြောင်း ရည်ရွယ်ကောင်းဖြင့် ပျော်ကြောင်းကိုပြု ပျော်မှုသင်္ကြန် ပျော်ရန်ချိန်ခါ သတ်မှတ်ရာကား။ ။
ဗမာသက္ကရာဇ် ၁၃၀၂ ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၃ ရက်၊ တနင်္ဂနေ့ သင်္ကြန်ကျပြီးနောက် ဓာတ်ဆီ ၄ ဂါလံကျော်၊ ၂ ကွဒ် ၁ ပိုင့် ကို ဒေါ့ချ် ၂ တန်တင် ကားကြီး၌ ထည့်ပြီးလျှင် သံဈေးရှိ ပန်းချီဆရာတယောက်အား ငွေ ၂၆ ိ၊ ၇ဲ ၉ ပိုင် ပေး၍ အလျား ၁၈ ပေ ၃ လက်မ၊ အနံ ၇ ပေ ၂ လက်မ၊ အမြင့် ၃ ပေ ၆ လက်မရှိသော ငွေဟင်္သာရုပ်ကြီးကို တပ်ဆင်လျက် ရေခံဦးထုပ်အဖြူ၊ စပို့ရှပ်စွပ်ကျယ်အနီ၊ ပလေကပ်လုံချီအပြာ ဝတ်ထားကြသော ပျိုတို့လင် သင်္ကြန်အဖွဲ့သား ၁၆ ယောက်သည် ငွေဟင်္သာကားကြီးအနီးတွင် အဆင်သင့် စုမိကြသောအခါ ...

အင်္ဂလိပ်သက္ကရာဇ် ၁၉၄၁ ခု၊ ဧပြီလတွင် ဘာနုရာဇာ အမည်ရှိသော ရာဟုဂြိုလ်မင်းသည် ဥရောပတိုက်ရှိ ဟော်လန်၊ ဒင်းမတ်၊ ဇက်၊ ပြင်သစ်မှသည် အာရှတိုက် အင်ဒိုချိုင်းနားနှင့် တရုပ်-ဗမာ လမ်းမကြီးသို့ မီးခဲနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် တိုက်လေယာဉ်ပျံကြီးကို စီးပြီးလျှင် လက်တဘက်ကား ဗုံး၊ လက်တဘက်ကား စက်သေနတ်ကို ကိုင်၍ တောထဲမှသည် မြို့ထဲသို့ ပြောင်းဝင်၏။

ကော့ကရိမ်းဒေဝီ အမည်ရှိသော နတ်သ္မီးကား အလှည့်စေ့၍ ၉၁ နာဌ အမည်ရှိသော ဗြဟ္မာမင်း၏ ဥက္ခောင်းကို ကမ်းသည်ရှိသော် ကံဆိုးမိုးမှောင် အမည်ရှိသော နတ်သ္မီးကား တခါမှမသောက်ဘူးသော ရှိန်ပိန်အရက်ကို သောက်၍ မျက်လုံးကို စင်းကာ ခပ်ပြုံးပြုံးလှမ်းလင့်၏။ ဝရင်းဒုတ်ဒေဝီ နတ်သ္မီးကား စစ်ပုလိပ် ၃ ဦးတံဆိပ်၊ ပဒုမ္မာ အင်္ကျီပါး၊ ကွင်းကွင်းပေါ် ဇာဘော်ဒီ၊ လေဒီရှူး၊ စီးကရက်၊ လက်ကိုင်အိတ် စသော အဝတ်တန်ဆာငါးပါးကို ဝတ်ဆင်လျက် ဟော်တယ်မှ စောင့်လင့်၏။

ထို့ကြောင့် မိုဃ်းဦး မိုဃ်းလယ် မိုဃ်းနှောင်း ရွာချင်သလို ရွာအံ့။ ဗမာတွေ အပျော်အပါး များအံ့။ ဝန်ကြီးချုပ်တွေ ရာထူးလုမှုနှင့် ကောင်စီထဲတွင် ပွက်ပွက်ဆူအံ့။ အမတ်များ ကားတင်ခံရအံ့။ နတ်သ္မီးများကို ပုလိပ် ဘမ်းအံ့။ သိကြားမင်းနှင့်ပြိုင်သော ဘိန်းစားကို ပုလိပ်ဆွဲအံ့။ ဗမာတွေ မွဲအံ့။ စိတ်ဆင်းရဲအံ့။ ကျွဲနွား စသော အခြေ ၄ ခု ဆင်းရဲအံ့။ လူတို့၏ ဘေးရန်ကင်းသော တိရစ္ဆာန်များ စိတ်ချမ်းသာအံ့။ ငါးပုဇွန် စသော သတ္တဝါများ ရေထဲတွင် ပျော်မြူးကြအံ့။ လက်နက် ခဲယမ်းမီးကျောံ အရောင်းတွင်ကျယ်အံ့။ ဤကား သံပုံးသင်္ကြန် အလိုတည်း။ သင်္ကြန်သုံးပါးတို့တွင် ထင်သလိုပျော်ကြ သင်္ကြန်ဖြစ်သောကြောင့် မယ်သီလရင်နှင့် ဘုန်းကြီးများကို ချန်လှပ်၍ ကျန်သော ၇ ရက်နေ့ သားသ္မီးတို့သည် သင်္ကြန်ကျဆဲအခါ မိမိတို့မှန်တင်ခုံသို့ သွား၍ မှန်ရှိရာ မျက်နှာမူပြီးလျှင် သိကြား ဗြဟ္မာ စတုလောကပါလာ ဆရာ မိဘ ဘိုးဘွားကြီးတို့ကို မေ့ပျောက်လျက် ရေခံမျက်နှာချေ၊ နှုတ်ခမ်းဆိုးဆေး၊ မျက်ခုံးမွှေးဆွဲစရာ မှင်တောင့်အပြည့်အစုံနှင့် ချယ်လယ်ပြီးမှ ရေကစားရာသည်။

အကျိုးကား (ပျော်ရန္တံ သတ္တ ရုဘယံ ဂစ္ဆန္တု) ဟူသော ပရိဘာသာ လာသည်နှင့်အညီ နှာစီ​းခေါင်းခဲ ဇက်လေမူးဝေ ရန်ထွေထွေတို့ မတွေ့လေသမျှ မဖြစ်နိုင်။ သင်္ကြန်တွင်း၌ ရှောင်ကြဉ်ရာသည်ကား အနူရေလောင်း ခွေးခေါင်းဖြတ်စား တရားကိုကျင့် စွန့်ပစ်ကိုယ်ကျိုး သယ်ပိုးတိုင်းပြည့် ဂေါရီမပိုး ဤခြောက်မျိုးကို လုပ်ရိုးလုပ်စဉ် မရှိလေ ဟူသည့်အတိုင်း မိန်းမမပိုးဘဲ မနေရ၊ မိန်းမများကလည်း ထို့အတူ တိုင်းပြည်အတွက် မသယ်ပိုးရ။ ကိုယ်ကျိုးကို မစွန့်ရ။ တရားကျင့်ခြင်း မပြုရ။ ခွေးခေါင်း ဖြတ်မစားရ။ အနူကို ရေမလောင်းရ။ (ဤကား ပျော်ပျော်နေ ပျော်ပျော်သေ သင်္ကြန်အလိုတည်း)

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဘရောက်ဘရက်နှစ်တည်း။ ထို့ကြောင့် နွေရာသီကို ဟစ်တလာ စောင့်၏။ လေမုန်တိုင်းစစ်သားကို ဂိုးရင်း စောင့်၏။ အမေရိကံ ချေးငှားရေးဥပဒေကို ချာချီ စောင့်၏။ ဥရောပအရေးကို ဂျပန် စောင့်၏။ အလစ်သုတ်ရန်ကို ရုရှား စောင့်၏။ အပျိုကို လူပျိုစောင့်၏။ ဗမာနိုင်ငံရေးသမားကို ပုလိပ်စောင့်၏။ မှောင်ချမည့်နေ့ကို သ္မီးရည်းစားစောင့်၏။ မီးရောင်ကို ကာကွယ်ရေး လေကြောင်းသမားများ စောင့်၏။ စစ်တို့၏ အဓိပတိကား ယူနန်-ဗမာလမ်း၊ ဝန်ကြီးချုပ်တို့၏ အဓိပတိကား ၉၁ ဌာန အုပ်ချုပ်ရေးတည်း။ ဗုံး အလုံး ၃၀၀၀ ငုပ်၏။ ၂၀၀၀ ကျော် ပေါက်ကွဲ၏။ မြေဩဇာ ပျက်၏။ ပြည်ရွာ ဖြစ်ချင်သလို ဖြစ်၏။ ထိုနှစ်မွေးသောသားကား လုပ်ချင်ရာလုပ်အံ့။ (ဤကား ဘရွတ်ရွှတ်တောက် သင်္ကြန်အလိုတည်း)

နယ်ချဲ့ စံနစ်ဝါဒ မည်သော ဘီလူးမင်းသည် ကမ္ဘာကြီ:ကို အသစ်ဖြစ်အောင် ဖန်တီးလိုက်သော ဗုံးတင်းကား ပစိဖိတ်သမုဒ္ဒရာမှာ တင်း ၂၀၊ မြေထဲပင်လယ်မှာ ၁၇ တင်း၊ စင်္ကာပူမှာ ၃ တင်း၊ ယံစီမြစ်မှာ ၁ တင်းခွဲ ဖြစ်သည်။ စစ်ဗိုလ်တွေ မင်းမူ၏။ သစ်ပင်၌ ဗုံးဝပ်၏။ ပျက်ကျသောနေ့တွင် လေယာဉ်ပျံ မြေ၌ လူး၏။ ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံဘုရား၌ လူတွေ အပျော်အပါး များမည်။ ဝါမဆိုခင် မင်္ဂလာဆောင်လျှင် ကောင်း၏။ ဤနှစ်ကား တိုင်းကျိုးပြည်ကျိုး ဆောင်သူရှား၏။ သီပေါမင်း ပါသွားသည့်နေ့မှ စ၍ရေသော် ဗမာများ၏ ကျွန်သက်ကား အထက်ဗမာပြည် ၅၆ နှစ်နှင့် ၅ လကျော်၊ အောက်ဗမာပြည် ၁၀၆ နှစ်ကျော် ဖြစ်လေသည်။ ကျွန်ဘဝ၌ ကြုံကြိုက်သောသူတို့သည် ကျွန်စိတ်ကို မွေး၍ ကျွန်သွေး ဝင်ကြလေကုန်ရာသည်။ (ဤကား ခေတ်စမ်းသင်္ကြန် အလိုတည်း)

ခေတ်စမ်းသင်္ကြန်စာ ထုတ်ဝေသူ မစ္စတာ အယ်လင် စိန္တာခချိ

စနေ နဂါးနီ
အတွဲ (၂) အမှတ် (၄၄)
၁၉၄၁ ဧပြီ ၁၂

Comments