မင်းနန် ပျို့


နေမျိုးမင်းလှကျော်သူ ဦးယာ

သီရိဝိဇယ မျှို့ပေါင်းခစိမ့် သရမဏ္ဍော် စ၍ပေါ်သား မည်ခေါ်လဲလှယ် ကပ်ငါးသွယ်တွင် တဆယ်တလီ ကမ္ဘာချီသည် ဌာဝီသစစ် ငါးမာရ်လှစ်သား ရှင်ချစ်သမ္ဗုဒ် နတ်ဝိသုဒ်နှင့် ဝိမုတ္တိရတ် တရားမြတ်က ပရမတ်သံဃာ အရိယာအား ရတနာပန်းတောင်း မြတ်ဥက္ခောင်းတွင် သွယ်ညောင်းညွတ်ခိုက် ကြာလက်စိုက်၍ ပတ်ဝိုက်တင်းကျမ်း စိတ်ရေချမ်းဖြင့် ပြည့်လျှမ်းကြိုင်မြူး ပူဇော်ဦးမှ ကျေးဇူးကြီးမြင့် ရွှေဖုန်းပွင့်သည့် ရာမင့်သီရိ ဓိပတိနှင့် မိဘဆရာ အဖြာဖြာကို စေတနာသုံးချပ် ကံသုံးရပ်ဖြင့် သုံးထပ်ညွတ်ယိမ်း ထုံသင်းလိမ်းပြီး ခပ်သိမ်းအန္တရာယ် ဘေးရန်ပြယ်၍ ခန့်ရွယ်ရာရင်း ပြီးစီးလျင်းအောင် ရွှေဟင်္သာမြတ် နန်းပြာသာဒ်နှင့် သူရဿတီ နတ်ဒေဝီသည် ချချီခိုင်းမက် လှေပဲ့တက်သို့ လျှာရွက်ပေါ်ဝယ် ရွှင်စံပယ်၍ သားနှယ်လေးမြတ် မပြတ်စောင်မ စေသတည်း ။

အဝန်းကိုးရာ ယူဇနာတည့် မဟာဒေသ မဇ္ဈိမဝယ် သောဠသမည် ဆဲ့ခြောက်တည်တွင် နတ်ပြည်လမ်းဖြောင့် သိကြားစောင့်သား ရွှေညောင့်နောက်မှာ ငါးရက်ကွာ၌ အင်္ဂါခုနှစ်ထွေ ဂုဏ်ပေါင်းဝေသည် ဒေဝဒဟ ကောလိယနှင့် ကပိလဟူ တိုင်းလုံးဆူထက် ရိပ်ဖြူဖြန့်လှစ် ဧကရာဇ်ဟု သင်းကျစ်ထွန်းပေါ် ခြောက်ဘုံကျော်သား သုဒ္ဓေါ်ဒန နရိန္ဒလျှင် သီလလက္ခဏာ ပြည့်စုံစွာသည် မာယာဒေဝီ မဟေသီနှင့် ဂေါတမီမည်ရ ညီအစ်မကို နေလအလား ချီးမြှောက်စားသော် မြတ်သားတော်ရင်း သိဒ္ဓတ်မင်းက ရန်တင်းပျောက်ပ မင်းနန္ဒနှင့် မင်းလှကလျာ ငါးကြန်ဖြာသား သူဇာနှိုင်းလျှော် သမီးတော်ဟု ထင်ပေါ်လွှံ့ပတ် သုံးဦးနတ်သည် တမွတ်သုံးတိုက် အလားတည်း ။

နန်းလုံးတမွတ် သုံးပါးနတ်တွင် သိဒ္ဓတ်ကုမာ ဖုရားလျာသည် သစ္စာလေးဆင့် ပွင့်ကြောင်းကျင့်၍ ရှည်မြင့်မနေ တောထွက်လေသော် ကျက်သရေထွန်းပ မင်းနန္ဒနှင့် မင်းလှကလျာ ဆင်းသိင်္ဂါတို့ မေတ္တာတံဆိပ် ပုံဝန်းနှိပ်၍ မျက်ရိပ်မျက်ခြည် ကမ်းကြသည်နှင့် ငယ်ရည်ငယ်သွေး ကလေးကလား ကျီစားချွတ်စား တန်းလျားဒဝယ် နန်းရိပ်ကျယ်၌ နေ့လယ်နေ့ခင်း ယဉ်မင်းရွှေမျှင်စစ်ဘုရင်ဖဲအန် ငြင်းဆန်ဆွဲလု ကစားမှုဖြင့် ယဉ်နုထွေပြား တပါးကိုသာ မာယာစုန့်နဲ့ တပါးနွဲ့နှင့် လူငယ့်ဘာဝ ချစ်ကြည်ကြလည်း မွေးဘမိမင်း သားချင်းဘော်ရွေ မသိစေတည့် ဖျော်ဖြေမစ ထိန်းယပိုက်ဖြား နန်းသူများလည်း မင်းသားကိုလျှင် ထိပ်တင်ခေါ်ကြ မင်းလှကိုသော် ထိပ်ထားခေါ်သည် ထိပ်ပေါ်တင်၍ မအားတည်း ။

တရက်တနေ့ ဖူးမတွေ့သော် နေတွေ့ကြာနှယ် နွမ်းနယ်လှိုက်လဲ အူသည်းထဲက စွဲ၍ချစ်ခင် ကွမ်းယာသွင်ပင် ငုံချင်ကြရှာ မင်းကလျာကို ကြည်ကာရွယ်စား နန်းရန်ထားက သာပျားချိုမြ အစ်မဟူသာ ခေါ်ဝေါ်ရာ၏ ကလျာရွှေစင် မယ်ကလျှင်လည်း ထိပ်တင်သာခေါ် မင်းနှစ်ဖေါ်သည် ကျူးကျော်ချစ်ပန်း ကြိုင်ပွင့်လန်းရှင့် စိတ်ဆန်းကိုယ်နု ရတုရကန် အဲအန်ပျောင်းနွဲ့ တေးတွဲ့တေးထပ် စပ်ဟပ်ကမ်းကြ မပြတ်ရဘူး ရွှင်ပြထူးလည် သို့ပေးသည်ဟု ရိပ်ခြည်စွန်းငြိ လူမသိအောင် သတိထားလျက် ကွမ်းပွဲဆက်လည်း ကွမ်းရွက်ငါးထပ် အလယ်ချပ်တွင် လက်စွပ်လျှံထိန် စွန်ရိုးစိန်ဖြင့် မှိန်မှိန်လုံးသေး စီကုံးရေး၍ ပေးကြသည်သာ သည့်ပြင်မှာလည်း ပညာသိုဝှက် မှိုင်းလုံးနက်ကို လက်လေးသစ်ခန့် ရွှေစာကန့်မှ ယဉ်ချက်ခေါင်ခေါင် ဖျားဖျားတည်း ။

တရံတရံ လူပျိုရံနှင့် ပျံလုနီးနီး မြင်းတော်စီး၍ ငြီးစနိုးသည် နန်းကိုလည်သော် ညက်ကြည်ပြာဝင်း လှများမင်းလည်း ပြူတင်းကြိုးကြာ မြလေသာက လက်ယာလက်ဝဲ ပျိုရံတွဲ၍ အလွဲစကား ပြောခါသားပင် တခြားရပ်ဌာန် မျှော်လေဟန်နှင့် နန်းရန်ကိုစေ မျှော်နှင့်နေ၏ ဖုန်းဝေကလည်း သည်နည်းစိတ်ညီ မယ့်နန်းဆီကို ရောက်ပြီဆိုသော် စီးမြင်းတော်ကို မငေါ်မငေါက် ဇက်ကိုတောက်က ကြောက်ပါးလိလိ မြုံကိုအိ၍ မျက်စိပြူးပြူး နှာရှူးရှူးနှင့် လည်ဦးချိတ်ထောင် နောက်ပေါင်ကျုံ့သွင်း ရှေ့လက်ကွင်းလည်း နင်းဘူးလားလား ရွယ်ကာသားတည့် နားတစွင့်စွင့် မြီးတံဝင့်လျက် လျှပ်ပွင့်ပမာ တနေရာတွင် ဆယ်ခါကိုးခါ ခွါရာဆွခဲ့ ကိုယ်ကိုနွဲ့မှ တွဲ့၍စတေ ဟန်ယူစေ၏ သို့နေတွင်ဝယ် စပယ်ပန်းပြောက် ခိုင်ပွင့်ကောက်သည် ရွှေလောက်လေးကန့် လျှပ်ရောင်ဖြန့်သည် ရွှေနန်းစိတ်ပျော် ဦးရည်တော်ကို လက်တော်နွဲညွတ် ခေါင်းမှချွတ်၍ ဖြူဆွတ်သွယ်ဝိုက် လည်တော်၌လျှင် တင်လျှောက်သည့်ငှါ ယဉ်ရာမှာလည်း ထုံးရာဇဝင် ထွန်းဘွယ်ပင်တည့် ကိုယ်ပြင်ပါးပါး အသားလျှံတောက် လက်ကောက်နာရဏီ ကျောက်စီလျပ်လျပ် နားကပ်ရဲရဲ ဝတ်လဲပြောင်ပြောင် ဆံရောင်ဖိတ်ဖိတ် မြင်သူ့စိတ်သည် ယိုဖိတ်မတံ့ စသားတည်း ။

တနေ့သောခါ မင်းကလျာလည်း ညောင်းညာပြေအောင် ပန်းခုံဆောင်သို့ သုံးမြောင်ဘော်ရွေ ပျိုတော်တွေနှင့် နေသုံးချက်တီး အချိန်နီးတွင် မငြီးရွှင်ပြ လာခဲ့ကြ၍ စိန်မြဝေဝေ မှန်ပြားစေမှ ရွှေကွပ်၍သား ပန်းခုံများနှင့် ထွေပြားထူးဆန်း ပန်တော်ပန်းကို လက်သန်းနုထွတ် ကိုယ်စီညွတ်၍ ဆွတ်ကြခူးကြ မင်းလှလှမူ ညခါဧကန် နန်းရန်ဖုန်းစည် ရောက်ချိမ့်မည်ဟု နှင်းရည်ကြိုင်မွှန်း နေ့တိုင်းသွန်းသည် ရွက်ဝန်းရည်ရွှမ်း စားတော်ကွမ်းကို စိတ်ဝမ်းကြည်ဖြူ ရွှေတံချူဖြင့် ဆွတ်ယူလေသော် ပန်းလွှာတော်သည် ရင်ပေါ်တွင်ပင် မမြဲချင်ပြီ ခုတွင်ခုပ လျောခါကျ၍ ဘယ်ကလူသာ မြင်လှာတော့မည် ပတ်လည်ဝန်းမြောင် ပျဉ်ထောင်မှိုင်းညို ကွယ်ပြီကိုဟု မောက်မိုအလွတ် ခါးချပ်ဝတ်လျက် ကွမ်းဆွတ်ပြန်မှ အင်္ကျီကလည်း နုလှသည်နှင့် လည်ခွန်ပွင့်သော် စွင့်စွင့်ဖြူထွား တိမ်တိုက်ကြားက လသွားသည့်ယောင် ရွှေရင်ရောင်လျှင် ပျဉ်ထောင်ခပင်း ထိန်ထိန်လင်းသည် တိမ်ဝင်းသည့်နှယ် မခြားတည်း ။

ယင်းသောအခါ ရွှေနန်းလျာလည်း ရာဇာမင်းကျော် ခမည်းတော်၏ စံပျော်နေမှတ် နန်းပြသာဒ်မှ မြတ်မယ်တော်ဆောင် ကျူးအောင်ယိမ်းနွဲ့ ကူးသန်းခဲ့၍ စိမ်းလဲ့ဝေရွှန်း ပန်းခုံနန်းသို့ ဖုန်းလန်းသည့်သူ ရောက်တော်မူသော် ပန်းချူကြသည် မင်းရွှေရည်တို့ လျှပ်ခြည်ထက်အောက် ထိန်ထိန်တောက်နှင့် လက်ကောက်ညိုးညံ ခြေကျင်းသံကို ဖုန်းလျှံကြားလျှင် ပျဉ်ထောင်ပြင်က သာရွှင်ဆီးတည့် မှတ်မဲ့ကြည့်သော် လ၏ရုပ်သွင် မင်းလှရှင်မှာ ရွှေရင်လစ်လပ် လည်ခွန်စပ်ကို လေလှပ်တိုင်းပင် ဖွေးဖွေးမြင်က သခင်တုန်ထိတ် ထွေထွေစိတ်ဖြင့် ကျိတ်ယောင်ခဲယောင် ဗျာပါနှောင်သည် ပူလောင်ပြင်းပြ အားကြီးလှ၏။ ပျောင်းပျညွတ်တိမ်း စိတ်ကိုသိမ်းမှ နွဲ့ယိမ်းမူးမော် တောက်တက်ခေါ်လျက် မယ်တော်စံခန်း မြောက်ဆောင်နန်းသို့ စက်ပန်းသရဖီ ပွင့်လေချီသည် ရည်သိသနောင့် သနားတည်း ။

မယ်တော်ဖုရား မြောက်ဆောင်တားသည် ပတ္တမြားပွင့်ရွက် မြကြိုးခက်နှင့် သရက္ခန်သား ပန်းပွါးရွှေချည် ပတ်လည်ဖြိုးဖြိုး နန်းလုံးနိုးဟု ကျော်ဟိုးပွဲခံ အသံချိုမောင်း လက်တွေ့ကောင်းသည် ရွှေစောင်းသီရိ တုမရှိကို အမိရတနာ ကွမ်းဆွတ်ရာမှ ကြွလှာတည့်အောင် ကြံရည်ဆောင်၍ ဘောင်ဘောင်နှောက်မွေ တီးလိုက်လေသည် ဘုံကြွေဘနန်း မြိုင်မြိုင်ရွှန်းသား နှံ့မွန်းညံညံ စောင်းတော်သံကို ဆင်းစံမြုတေ ကြားတည့်လေလျှင် မနေတတ်ဘိ ပြန်အားရှိလည်း လူသိမည်ကြောင့် သရေစောင့်လျက် နှစ်အောင့်ခန့်သာ အင်တန်ကြာသော် လိမ္မာငယ်နု လက်သုံးပြုသည် ဇာယုပပ္ဘာ ရတနာဘွဲ့ရ သည်မင်းကလျှင် ဖုရာ့မယ်တော် မျှော်လှတော့မည် ဝိုက်လည်သာယာ လျှောက်သောခါ၌ ယားရာဖျောက်မိ သည်နှယ်ရှိ၍ သတိလျော့ချ ဟုတ်ပေ၏ကို ဆတ်ဆတ်ဆို၍ ကြီးပျိုပြုသည် ချီတော်လည်ကို မြရည်ရွှေလက် ရစ်နွဲဖက်၍ ပန်းခက်ကိုင်ကာ ပြန်ခဲ့လှာသည် ဘယ်ညာပျောင်းနွဲ့ ယိမ်းပါးတည်း ။

စံခန်းထွန်းပြောင် မြနန်းဆောင်သို့ လှခေါင်နွဲ့နောင်း ရောက်လေရှောင်းသော် ရောက်ကြောင်းရောက်လျား နန်းရန်ကြားအောင် ကြီးမားရွယ်သက် နုတ်ထွက်ရင့်သီ ဆိုချီဆိုချွတ် ယောင်ရမ်းတတ်သား ယွတ်ယွတ်ယိုယို မိန်းမအိုကို စိတ်လိုပျော်ပါး အလယ်ထားမှ ကျီစားဆွဲလဲ တသဲသဲနှင့် ရယ်ပွဲဖွဲ့ခါ နေကြရာတွင် နန်းလျာဖုန်းဝင်း မြောက်သို့ကွင်းမှ ပယင်းဆောင်က ကူးခဲ့ကြွ၍ မြသလွန်ဗွေ ရောက်လှာလေလျှင် ရိုသေခံ့ညား ပျိုတော်များလည်း ပြားပြားဝပ်လျက် လက်ရှက်၍သာ နေကြရှာ၏ ကလျာဝင်းလဲ့ မင်းနွဲ့နွဲ့မူ မယ့်အချီတော် ရင်ခွင်ပေါ်တွင် ကံ့ကော်ဝတ်နု ပုံ၍စုသို့ ယုယပြစ်ပြေ လျောင်းခါခွေရှင့် နေလည်းရီရီ ရှိလေပြီကြောင့် ကိုယ်စီကိုယ်ငှ ထွက်သွားကြသော် ဖိုမလိမ်ရှုပ် နရားရုပ်ဟု အလုပ်ယဉ်ကျေး ခုံကွေးကွေးထက် ရွှေရေးပန်းကန် လုံးဖန်ကြီးငယ် ဆယ့်နှစ်သွယ်တွင် ခန့်ရွယ်နိုင်ရှည့် နှင်းရည်ထည့်၍ ဝင်းမှည့်ထိန်ဝါ ရိုးသန္တာတွင် ကတ္တီပါလွှမ်း ကျောက်မွှမ်းဝင်းလျှံ ဖူးလက်တံနှင့် အောင်သံရွှန်းဝေ တီး၍နေသည် သံချေပြတ်ပြတ် သားသားတည်း ။

တီးသည့်ဓိပ္ပါယ် အကျဉ်းဝယ်မူ နုနယ်ရွှေသား မင်းတပါးသည် သနားဘွယ်ပင် ပန်းခုံခွင်၌ ခုတွင်ကသာ ပန်းဆွတ်ရာမှ ပန်းလွှာလျောကျ ဖြိုးပွပွကို မြင်ရမိလိုက် ရှက်ပင်ရှိုက်ဟု စိတ်ကြိုက်မငြီး ဖန်ဖန်တီးသော် နန်းကြီးဆံကျပ် မင်းသပ်သပ်က တပ်အပ်သာကြည် ရွှေနားလည်၍ ရှက်သည်မူရာ ရွှေနန်းလျာအား မျက်လွှာညိုမောင်း လည်တံပျောင်းလျက် မျက်စောင်းချီခါ ရွှေမျက်နှာကို ဗျာပါဆံသွယ် ပင်ဟန်ကွယ်မှ ပြုံးရယ်ပြီးသော် အထိန်းတော်၏ ကျူးကျော်ညံ့နူး ပခုံးဦးဝယ် နဖူးဖြင့်သာ တိုက်ထိလှာ၍ ဖွယ်ရာမူနည် နွဲ့ရည်ကြီးထူ ပြောင်တော်မူသော် လျှံလူကျက်သရေ ဖုန်းဝေဝေလည်း ချစ်လေသည့်စိတ် ကြင်နိမိတ်ကို ပိတ်ပိတ်ဖုံးဖုံး တပြုံးပြုံးသာ နှလုံးရွှင်လန်း မိုးနူးပန်းနှင့် နှုန်းနှန်းနှိုင်းဆွယ် ယဉ်သည့်မယ်လည်း သူငယ်တို့အား ကြေးမုံပြားသို့ ညက်သွားသဘော တွေ့ကြောင်းနှော၍ အပြောအနေ အပြေအပြည့် အကြည့်အရှု အပြုအမူ ဟန်ယူညံ့နူး စိတ်ကိုနှူးသည် ကျေးဇူးတင်အောင် ဖျော်ဖြားတည်း ။

တရက်မသာ တရက်သာတည့် တခါမတွေ့ တခါတွေ့နှင့် တနေ့၌တွင် မင်းလှရှင်သည် လွန်းကြင်လည်ရှက် ကြည်ကာဆက်သား နန်းခက်ဝတ်ဆံ ကြိုးကြာသံသို့ အလျှံကွေ့လိမ် ရွှေတင်းတိမ်ကို ဆွဲနှိမ်ယုယ အသာချလျက် မြသတီတွင် ကြိုးကြွဆင်သား မှုတ်လျှင်ဆက်ဆက် ပျက်တော့မည့်နှယ် မျက်စုံခြယ်သည် လှိုင်းနှယ်ရှက်စု သလွန်နုထက် ထောင်ထုမက မြုကျမခံ ဘဲရံသုံးဆင့် သလွန်မြင့်ဝယ် မပွင့်တတ်သေး ပန်းမြတ်လေးကို ရွေး၍လှိုင်ဝေ ကြဲဖြူးစေမှ ရွှေပုစွန်ဆီ အုံးကျောက်စီ၌ နွှဲမှီလျောင်းလျက် တိမ်တောင်တက်သို့ တဘက်နှင်းနံ့ နန်းလုံးအံ့နှင့် နုညံ့ဘွယ်ရာ စက်သောခါတွင် ပမ္ဘာမည်ရ ပျောင်းပျနုနယ် ပျိုတော်ငယ်လျှင် မယ်တယောက်ချင်း တင်းတိမ်တွင်းဝယ် စက်ရင်းတော်က ယပ်ခတ်ရသည် ယုယငြိမ်ဆိတ် ဝပ်ထွားတည်း ။

ရွှေသလွန်ပေါ် စက်တော်ခေါ်၍ ပျော်လုလုတွင် အိမ်ရှေ့ရှင်သည် သက်တင်ရော်ရဲ လက်ရှက်တွဲသား ဝတ်လဲတပိုင်း ခြုံခါသိုင်းလျက် တိမ်ဆိုင်းလျှံပြောင် မယ်တော့်ဆောင်က ညိုရောင်စိမ်းလဲ့ ကူးကြွခဲ့မှ မင်းငဲ့စက်ခွင် သုတ်သုတ်ဝင်၍ ရွှေစင်ရတနာ လျောင်းလှည့်ရာမှာ အသာတစောင်း ရွှေလက်မောင်းကို ပျောင်းပျောင်းနွဲ့နွဲ့ မှီခါတွဲ့လျက် ရဲ့ရဲ့နီစင် ခန်းလုံးရွှင်သည် ပန်းရင်ဝတ်တွင်း လက်တော်သွင်း၍ မြဆင်းရှက်ဖြာ ကြောစိမ်းမြွာလျက် လက်ယာရစ်စု မွေးရှင်နုနှင့် ဒေါင်းဥခန့်မျှ အိမွမွကို ခွက်ဝပန်းရည် ဆုပ်နယ်နှည်သို့ လှည့်လည်ထပ်ထပ် သုံးသပ်၍ပြီး နီလာသီးကို မငြီးဖန်ဖန် ကစားပြန်သော် အလွန်ယားလှ ကြက်သီးထ၍ ကြွပါ့ထိပ်တင် လျှောက်ပါလျှင်လည်း နားပင်စူးစူး ကြားပြီဘူးတည့် ညံ့နူးသွယ်သပ် လေညင်းယပ်သည့် မင်းပဗ္ဘာမူ နန်းညွန့်လူ၏ မဉ္ဇူဝတ်ဆံ ခြေတော်သံကို ချွံချွံပြင်းပြ ကြားခါစပင် နဝရတနာ ယပ်သိင်္ဂါကို အသာချပြီး ကြောက်အားကြီး၍ ကြက်သီးဦးမွန် အိပ်ပျော်ဟန်နှင့် သလွန်ခြေရင်း ဝပ်ခါစင်းသည် မညင်းသက်ရှူ မှားမှားတည်း ။

တဆန်းတဂုဏ် ရှုမကုန်အောင် အိပ်မှုန်နှင့်သာ မယ့်မျက်နှာသည် ရောင်ဝါထွန်းပ တနည်းလှ၏။ တေဇဝင်းဝှန် ရွှေနန်းရန်သည် ဘယ်ပြန်ညာလှည့် စိမ်းစိမ်းကြည့်လျက် ပန်း၏အလား နုသည့်ပါးကို နှာသားကြပ်ကြပ် ချင်းတည့်အပ်၍ သွယ်သပ်ညံ့ညက် မောင်ကြီးသက်ကယ် ကိုယ်လက်မချိ ဘယ့်နှယ့်ရှိ၍ ပျောင်းအိခွေခွေ နေရလေဟု နှုတ်ရွှေသံလွင် မေးလေကျင်သော် ထိပ်တင်ကြောင့်သာ ကျွန်မမှာလေ ပူပါတော့ပေ လျှောက်မြွက်ကလျှင် ရှိရလေခြင်း ပြာလဲ့ဝင်းငယ် ပူခင်းပူရာ ဆံမြူလွှာမျှ ရှိပါတကား မောင့်စိတ်ထားမှာ သိကြားသက်နှင်း လေးပါးမင်းနှင့် သတင်းပတ်ကုံး ခြောက်ဘုံလုံးက ပေါင်းရုံးစိတ်ညီ ဘုံကိုယ်စီနှင့် နွှဲညီပျော်ကြောင်း လှည့်ဖြားယောင်းလည်း ရှစ်သောင်းလေးထောင် မေရုတောင်သည် မိုးခေါင်တိမ်မြင့် မှုတ်ရုံဖြင့်သာ လွင့်သော်လည်းရှင် မင်းရွှေစင်ကို မောင်ကြင်သည့်စိတ် ဆံလွှာစိတ်မျှ ယွင်းဖိတ်မယို တောင်မြင့်မိုထက် နဂိုရ်သေချာ ခိုင်ခန့်ပါသည် မေတ္တာမလျော့ မလျားတည်း ။

ပိုက်ဖြားဖျော်ဖြည့် ... သည်သာမောင့်စိတ် ခြောက်ခြားတည်း ။

နန်းလျာနွဲ့ပျို ... သံချိုပျံ့ပျံ့ ရှားရှားတည်း ။

ယင်းသို့ထွေပြား .. နိုင်ငံကျွန်းလုံး သိမ့်သိမ့်တည်း ။

လက်ထပ်နန်းသာ ... တပေါင်းရာသီ စိမ်းစိမ်းတည်း ။

ခြောက်ဆယ်ယူဇနာ ... ဓမ္မရသာ ဆိမ့်ဆိမ့်တည်း ။

ယဉ်နုပျောင်းပျ ... အံ့ဘွယ်ပုံပေါင်း ခြိမ့်ခြိမ့်တည်း ။

ယင်းသည်ကာလ ... မြင်သူအသည်း ဖိမ့်ဖိမ့်တည်း ။

မင်းသားတသီး ... အာရုံနိုးနိုး နိမ့်နိမ့်တည်း ။

သည်နှင်မှာသာ ... စိတ်နေအေးအေး ငြိမ်းငြိမ်းတည်း ။

ယင်းသို့ဝေဘန် ... ဆိုခါဤသို့ နေကြတည်း ။

သည်နှယ်ဖန်ဖန် ဆိုကြဟန်ကို သင်္ကြန်ခေါ်ရာ သံ့သံ့သာပင် ကြားလှာထင်က ငှက်ငန်းထသို့ အစ်မတို့လို ဆိုသားပြောသား စကားထွေထူး ကောင်းပါဘူးဟု မူးမူးမိန့်မြွက် ရွှေတဘက်ကို ရုတ်ရက်ကောက်ငင် နန်းကြမ်းပြင်ငယ် ရှည်လွင်တွဲလျား ဆွဲခါသွားရှင့် ပတ္တမြားညွန့်ခက် လက်တဖက်မူ လထွက်သည့်ပုံ ပန်းရင်အုံကို မရုံမိမိ ရုံမိမိနှင့် သတိလွင့်ပါး နှင်းခံနားလည်း များလျားရှည်ဝေ နောက်မှာနေရှင့် လှမ်းခြေယိမ်းယိုင် ကျစ်လျစ်နိုင်ပြီ ဆံခိုင်မြခက် ရေစက်စက်နှင့် တိမ်ချက်မြင့်မော သက်တင်ကြောက လျှပ်ရောဥက္ကာ ထွေ၍ဖြာသို့ ရောင်ဝါပွင့်လွတ် လဲမတတ်ပင် မြဝတ်ရတနာ ကြွတည့်လာ၍ စာမရီရုပ် မျက်စုံအုပ်သည် လက်လှုပ်နန်းခက် ပြူတင်းရွက်ကို ရွှေလက်တော်နှင့် ခြုန်းခြုန်းဖွင့်၍ သခင့်အလှည့် မယ့်အကြည့်နှင့် မှာသည့်တိုင်းပင် ဆိုင်ကြမြင်သော် ရွှေရင်လဲ့ဥ ဖြူနစ်နုကို ထု၍စတေ ကြုံရချေသည် ကံလေအလို ထပ်ထပ်ဆိုလျက် အိုအိုသက်ထား မယ်ဖုရားငယ် အားကလည်းနွဲ့ တုန်လဲ့ကြောက်ထိတ် လူတဆိတ်ကို သပိတ်ဧရာ ထမ်းရရှာသည် မြင်ပါဝံ့ဘူး မူးပင်မူးခဲ့ ကျေးဇူးသခင် မောင်ကြီးရှင်ငယ် လျင်လျင်အသော့ လွှတ်ပါတော့ဟု ပျောင်းပျော့ပူဆာ ဆိုခိုက်သာပင် မြို့မာရဘင် ကွယ်လေကျင်၍ မမြင်သာမှ ဟိန်းဟဲချလျက် သုပိယဝါစာ မည်သာခေါ်တွင် ထိန်းတော်ရှင်၏ ရင်ခွင်တော်ဝယ် လည်ကိုဖက်၍ ထိုင်လျက်မူးသီ နွဲ့ခါမှီသည် ဖပ်ရီဖပ်လျော့ နွမ်းလျတည်း ။

ကျူးကျူးကျော်ကျော် သည်းအူတော်ကို ထုတ်ဖေါ်မြွင်းလှီး နုတ်ငင်ပြီးမှ မီးကျီမြိုက်မြိုက် ကျွမ်းအောင်တိုက်သို့ ဖုတ်လှိုက်ရှူမှား သို့ရှိငြားလည်း ခမ်းနားစုံစေ့ ယနေ့သည်မှာ မင်္ဂလာရက်ဦး ထူးထူးလည်လည် ဖြစ်ချေသည်ဟု မျက်ရည်ကိုချုပ် အနိုင်အုပ်၍ ကြီးရုပ်ကြီးမူ သတိယူလျက် ညည်းညူသည်မှာ မယ့်ထိပ်ချာကို မနာအားပါး မောင်ဖုရားသည် လူရှားသည့်နှယ် မြင်မဖွယ်အောင် ခိုင်းစယ်လေနည်း စိတ်နာကျည်းခဲ့ သူလည်းသူပင် နန်းရန်တင်၍ ဘုရင်တပါး ပြည့်ရှင်သားဟု သွားလေရာရာ ဗိုလ်ပါဒိုင်းဝင်း ဆင်မြင်းရံလျက် ဆိတ်စာထွက်လည်း ကျွတ်ကျွတ်ဆူမျှ ထွက်နေကျကို ခုမှတခါ မူရာမသင့် ဂုဏ်နှင့်မနှိုင်း စိတ်ရှိတိုင်းသာ ခိုင်းပစ်ခိုင်းအား စေစားပြန်ခဲ့ လူတနွဲ့နှင့် တွဲ့တွဲ့ပျောင်းပျောင်း မဝေးတောင်းပင် ကျောင်းတိုင်အောင်သည် ခေါ်လိမ့်မည်သိ ချစ်ကြည်ဂရုဏာ ရဟန္တာတို့ အားနိသဖြင့် မယ့်ထိပ်ဆင့်၏ ရွှေပွင့်နှိုင်းလျော် ပခုံးတော်တွင် မျက်ကျော်ရောင်ဖိတ် မြသပိတ်ကို တဆိတ်ကယ်သာ အုံညီညာ၍ မပါလိမ့်လား ပခုံးသားသည် ပတ္တမြားကျောက်ညီ မျက်ရှင်စီသို့ နီရီဖုရု သွေးခြည်အု၍ စုလိမ့်မည်ပင် ကြောင့်ကျထင်သည် သခင်ပန်းမည် စိုးလှသည် ။

သို့မိန့်လေလျှင် ... စုံစီနဘာ စစတည်း ။

တန်ဆောင်မာသ ပြည့်နေ့ည၌ ... သနားဖွယ်သာ ပျောင်းပျတည်း ။

ပြည်သားပြည်သူ ခပ်သိမ်းလူလည်း ... ခြေလှမ်းမှန်မှန် မကျတည်း ။

အိုဘယ့်နှယ်ကံ ဖွဲ့စီမံ၍ ... ကလျာဒေဝ မန်းပါမှ ။

သံကြီးလေးမည် သို့ရှိသည်တွင် ... ကလျာနေလ ထွန်းပါမှ ။

ဘုံနှစ်ဆယ်လုံး တိုက်လွှင့်ကျုံးသည် ... ကလျာမေက သွန်းပါမှ ။

ယင်းသို့ထွေပြား တမ်းသည်များနှင့် ... ပြန်လှန်မလျှောက် ဝံ့ပြီတည်း ။

ရတနာညွန့်ပေါင်း မြတ်ဥက္ခောင်းသည် ... ဆိုခါဤသို့ မြွက်ဟတည်း ။

ယင်းသောအခါ မင်းကလျာလည်း ... ရိုင်ရိုင်ကရင့် ကသီတည်း ။

အမှုသည်ရင်း လွန်ပူပြင်းသည် ... အတွင်းအပ မညီတည်း ။

ထိုရောအခါ လိမ္မာဆန်းပြား ... ရင်ဦးပိုက်ပွေ့ နွှဲမှီတည်း ။

ဘယ်သို့သွားကြောင်း မသွားကြောင်းကို ... နှင်းဆီရနံ့ ဖပ်ဖပ်တည်း ။

နားရေးတရာ လစကြာသို့ ... လျှာရွက်နူးနူး နပ်နပ်တည်း ။

လက်ဘက်ပွဲတော် ကွမ်းပွဲတော်လည်း ... ဝတ်စားရည့်သီ လျှပ်လျှပ်တည်း ။

မည်သူမဆော် ကိုယ်တော်တိုင်ပင် ... ပျောင်းပျတိမ်းတိမ်း မပ်မပ်တည်း ။

ပြောကြပါလေ သေရချိမ့်တော် ... သံချိုဆင့်ဆင့် ထပ်ထပ်တည်း ။

အိုမယ့်ကြမ္မာ လူဖြစ်လာသည် ... ခြားနားထူးထူး သိပြီဘူး ။

အသက်သခင် ဖုန်းရွှင်ရွှင်နှင့် ... ဝေဝေနောက်မူး အသည်းစူး ။

ရူပဘုံစံ ရွှေဖုန်းလျှံသည် ... ထွက်မည်စူးစူး ရက်မကူး ။

တိုနှစ်နွေစ သာသည်ည၌ ... ရွှေဘဝင်တုန်မြူး ချော့ပါဦး ။

ပုရက်ပိုပျံ့ကြူး စက္ကူငွေသား ... စိမ်းကားလွန်ကျူး တွေ့ဘူးဘူး ။

ကျွတ်သွေးလဲ့ပြာ ကတ္တီပါတွင် ... နှုန်းသူရှိဘူး ထိန်ထိန်မြူး ။

ဖွေကျော်ဆယ်ပါး ပတ္တမြားခုံလောက် ... ရောင်ဝါလျှံမြူး ညွန့်ညွန့်ဖူး ။

ဝတ်လဲတော်မှာ တိမ်လွှာတိမ်ဆင့် ... ကျွန်မနောက်စူး သေလုမူး ။

ဖြူနီရောရာ ဆွမ်းခံစာနှင့် ... မြင့်မိုရ်တောင်ဦး ဆင့်ဆင့်ကျူး ။

ယင်းသို့ထွေထွေ ကမ်းလေလေတည့် ... နှုတ်လျှာပွင့်လေ ဘနန်းတည်း ။

နဝရတ်ခြူးနွယ် ဝတ်ဆံခြယ်သား ... လျှမ်းပြည့်ဗျာပါ နစ်မွန်းတည်း ။

ရွှေအုပ်ကလပ် ရွှေသားယပ်နှင့် ... နန်းလုံးယဉ်ကျေး မှုဝန်တည်း ။

ဘယ်ညာဝင်းလျှံ ရွှေယပ်ခံ၍ ... သားရေဖိမ့်ဖိမ့် နစ်မွန်းတည်း ။

အလှရတနာ မင်းကလျာလည်း မူလယဉ်ယဉ် ဆန်းဆန်းတည်း ။

သခင့်ပရိယာယ် အဓိပ္ပါယ်ကို ... မှိုင်ထွေမူးမော် ပင်ပန်းတည်း ။

သို့နေသောအခါ မင်းကလျာက ... သခင့်ကိုယ်ရောင် ရွှန်းရွှန်းတည်း ။

ရင်တီးလက်ခတ် ထိန်းတော်မြတ်လည်း ... တင်ချေအပြစ် စွန်းစွန်းတည်း ။

စက်အနန္တ ကိုးဌာနဟု ... ထွေထွေမျက်ရည် ရွဲရွဲတည်း ။

တရားတော်မြတ် လက်ပန်းခတ်က ... ပင်တိုင်းညွန့်သစ် စဲစဲတည်း ။

ကိန္ဒရာကိန္ဒရီ ရင်ဦးချီ၌ ... တောကြက်တွန်သံ သဲသဲတည်း ။

ရှစ်ရာဂါဝုတ် ကျီးမင်းနှုတ်သို့ ... ညှာရိုးရေပေါ် နွဲ့နွဲ့တည်း ။

ကြာမျိုးငါးစုံ လေညှင်းကြုံသော် ... တောင်ကမ်းမို့မို့ မဲမဲတည်း ။

ယင်းသို့စုံခြေ ချင်းနင်းလေသော် ... ခြောက်ဆူလျှံလျှံ ဝဲဝဲတည်း ။

ပတ္တမြားသစ်စေ့ ခြင်္သေ့နှင့်ဖါး ... နှလုံးကျေကျေ ကွဲကွဲတည်း ။

တွက်သိန်းယူဇနာ ခုနှစ်ရာတည့် ... ကြည်ဖြူလေးမြတ် စံမြဲတည်း ။

နဝင်းပီယံ သည်ထုံးစံနှင့် ... နှုတ်ခြည်ဝံ့ဝံ့ ရဲရဲတည်း ။

ရယ်ခြင်းခြောက်ပါး စကားခြောက်စု ရှိသည်မှုတွင် လေးခုစီပယ် ဂုဏ်မျိုးကြွယ်လျက် ငါးသွယ်ဂတိ စွမ်းမငြိသည် ရိမဒ်ပြည့်ရှင် မိန့်ပြန်အင်ကား ငါစင်ဖုရား ရှိပါငြားလျက် သည်များကိုမျှ မထောက်မသော် ကိစ္စအသင့် စိုးရိမ်နှင့်ဟု ကြူးရင့်ပြီးခါ ကျောင်းတော်သာကို မကွာတဖန် သက်ခဲ့ပြန်သော် နန်းရန်မှာလျှင် နောက်ဆံငင်လျက် ရွှေရင်လျှံညီး မိုးသမီးကြောင့် ပူကြီးဆာပူ သည်းအူနှလုံး စင်စင်ကျုံးသို့ စုရုံးရစ်ဖွဲ့ ဆက်ထားခဲ့သို့ ငဲ့ကွက်ငဲ့ကွက် တသက်သက်တည့် ရွှေလက်ရစ်ဆွဲ ရွှေလည်နွှဲ၍ ပုလဲတမူး ပျံ့ပျံ့ပြူးလျှင် ကျေးဇူးမိုမောက် နောင်တော်နောက်မှ နှစ်ယောက်အတူ မိုးနတ်သူငယ် ဖြူဖြူဝင်းမှည့် လိုက်ပါလှည့်လော သည့်နှယ်စေသာ တမ်းယောင်ခါနှင့် ရတနာဖုန်းမောက် ကျောင်းတော်ရောက်သည် ဝေနောက်လှိုင်လှိုင် လဲလဲတည်း ။

ကျောင်းတော်ရောက်လျှင် မြတ်ရှင်ပင်က ... အံစောင်ကြိတ်ကြိတ် ခဲခဲတည်း ။

သို့ရှိသောခါ ရဟန္တာတို့ ... ရွှေရောင်ကိုယ်တော် စွဲစွဲတည်း ။

နုသည်လှသည် အတည်တည်ကို ... မဂ်ဖိုမှီမှီ တွဲတွဲတည်း ။

ကာဠာဝက ဆဒ္ဒန္တဟု ... နိဗ္ဗာန်ရွှေလမ်း အောင်ပွဲတည်း ။

မင်္ဂလာချမ်းငြိမ်း နိဂုံးသိမ်းပိမ့် ... ဆင်ဖြူစကြာ ဖွေးဖွေးတည်း ။

ဆဒ္ဒါန်ပြောင်ကျော် ရွှေဘွဲ့ခေါ်သည် ... ခြောက်ဘောင်ကောင်းသံ ကြွေးကြွေးတည်း ။

မဟာဓမ္မရာဇာ ဘွဲ့မြတ်စွာလည်း ... ခပ်သိမ်းပြည်သူ အေးအေးတည်း ။ ။

Comments