မင်းသမီးပြော ။ ။ ခြောက်စစလုံး ငုတ်ငုတ်တုံး၊ ဓနုန်းပိုးသွင်၊ လုံးပုပုနှင့် ရှုတိုင်းယဉ်၊ ထိပ်တင်မောင်မောင်တိုဘုရား ... သိကြားကြည်ညို အကျိုးလို၍ ပေါင်တိုနှင့်မယ် နှစ်ဘုန်းဆုံလို့ ကြုံရတယ်။ စံပယ်ပွင့်သစ် ကြဌန်းရိပ်ခို သည်ရွှေကိုယ်ကို တိုတိုငယ်ချစ်လျှင်ဖြစ် မုန်းပစ်တော် မမူရက်ပါနှင့်။ သက်တနှိုင်း နေ့တိုင်းမယ်က လွမ်းပါတယ်။ ကြော့ဆုံးရွှေကိုယ် ဘုန်းတိုတိုကို လင်လို မေတ္တာသွင်းပါတယ်။ တကယ်ဧကန် သဘောရိုးကြံသူကို လက်ခံတော် မူသင့်ကောင်းပါငဲ့ တုံးကြီးရှင့်။
ပေါင်တို တင်စေ ။ ။ သူဇာတမှတ် မူရာမြတ်သည့် ညာနတ်သခင် ဘွေသဖန်းယံ ရေဖျန်းခံမယ့် ဘုန်းကံရှင်ဘုရား ... ကျွန်တော်ပေါင်တို ငတုံးတိုနှင့် ကုသိုလ်မတန် ဘုန်းကံမစပ် ကျေးဇူးရပ်လည်း အထပ်ထပ်ပါ ကြီးမြတ်လှပါသည်။ ကြောက်စရာ့စကား ချစ်ဟန်ကြိုက်ဟန် မိန့်တော်သံကို ပြန်မကြားပါနှင့်။ နားဝေဒနာ ကြီးလှပါ ချမ်းသာပေးတော်မူပါဘုရား။
မင်းသမီးပြော ။ ။ ခင်လေးသက်စု ဗူးသပိတ်သွင် ရှုတိုင်းယဉ်တဲ့ တင်ပုပု ... ကုသိုလ်မတန် ဘုန်းကံမစပ် ကျေးဇူးတော်မြတ်တယ်လို့ ရှောင်အပ်ရိုးလား။ ကိန္ဒရဒေဝီ နှင်းဆီဒါရူ ညာနန်းသူတို့လည်း နူနှင့်ပင် ချစ်ထုံးတင် ကျမ်းတွင်ရှိလျက်ပါတကား။ ဆယ်ပါးကိလေသာ ကုန်ကင်းကွာ ရဟန္တာမို့လား။ ပုထုဇဉ်ထုံး ကြားချပ်သာလျှင် တွေ့ရာနှင့် မှုန်းရော့ပ နှလုံးထား၊ ပတ္တမြားတခြည် ဆန်တပြည် လှည့်လည်သင့်ခိုက် ခရီးကြုံတဲ့ ကုန်ဖိုးထိုက်ကို ဝယ်လိုက်မှကောင်းတော့မပေါ့ ဖေတိုရို့။
ပေါင်တို တင်စေ ။ ။ ရဝေနန်းမ၊ ရွှေသန်းခ၊ စန်းငွေလသွင် ကျက်သရေမို့ ဂုဏ်မချို့တဲ့ ကုသိုလ်ရှင်ဘုရား ... တရားဖောက်ပြန် မကောင်းကံကို မကြံဝံ့ပါ။ အဝီစိ၌ ကျွမ်းထိုးစိုက်မယ့် စရိုက်ဟာကို ပယ်ခွာအပ်လှ ပစ္စုပ္ပန်တွင် ရုပ်နာမ်ပျက်က အရှည်ကြီးရရော့မယ်။ ရာဇာ့သီရိ နွယ်သာကိ ဇာတိကို ငဲ့တော်မူသင့်လှပါဘုရား။
မင်းသမီးပြော ။ ။ ခင်လေးဘုန်းမို မင်းတိုတို ...
ခိုသသူ ညိုမဖြူ မှုန်ငွေ့လို့ သုန်လေ့တော်အား။ ခပါတယ် မြညှာသွယ် စံပယ်နွဲ့ကိုလှ တလှဲ့ဆင်ချိန်သင့်ပါပေါ့ ဘုန်းခွင့်သနား။
တရားဝေခွဲ စကားတွေ အလဲလဲနှင့် ရက်ဆွဲလို့နေကုန်လျှင် ကာမဂုဏ်ရေး စည်းစိမ်ခံဝေးရော့မယ်။ ရှေးဆန်တဲ့လူကြီးငဲ့ ကာလဉာဏ်ကို အတန်ကလေးမှီးပါဦး။ နီးလွယ်မှပါ့ သေမယ်ဆိုလျှင် မကြာခင် သင်္ခါရကပဲ။ လောကဓမ္မတာ လူတို့ရွာမှာ မြန်တဲ့ဟာ ကောင်းတော့မပါ့ ဖေတိုရို့။
ပေါင်တို တင် ။ ။ ညာမော်ယံလယ် ဘုန်းတော်ကြွယ် နန်းနွယ်သမ္ဘာရှင်ဘုရား ...
မြှောက်ချူငယ်ချူ ကြောက်သူကို ကြောင်နှင့်တို့ပြန်သို့ ပူဖို့တခန်း။ အမူတုံးငယ်က ချစ်လုံးကို တော်ရုံလှိမ့်ပါတော့ ကျောစိမ့်လို့ချမ်း။
သေလမ်းသေပေါက် ရာဇဝတ်ရောက်လို့မို့ ကူထောက်ကံမ အသက်ကြွင်း အရင်းရပါတယ်။ မလှရုပ်သွင် လူဖော်ပဲမဝင်ကတည်း မသေချင်သေးပါဘူး။ ကျေးဇူးရှင်ထိပ်ချာ နှစ်ကြိမ်မြောက်အောင် သေပေါက်ကို မရှာပါနှင့်။ ခန္ဓာကို နှမြောလှပါသေးတယ်ဘုရား။
မင်းသမီးပြော ။ ။ ခင်လေးသက်မျှ ကြင်မဝ အလှဘုန်းမို မင်းပေါင်တို ...
ကိုယ်နှစ်ကံ ဟိုယမန်ကြင်ခဲ့တဲ့ တင်လှည့်ဝဋ်ကြွေး လွှဲမသွေ သဲရေမြေထိပ တွယ်မိလျှင် မခွာရပေဘူး ရဲနေကျသွေး။
စကားအရေး ဒူးကွေးကွေးနှင့် ဝေးအောင်များ ပြုမလား။ နန်းတွင်းသူပရိယာယ် လည်ကုပ်ကို နှိမ်လို့မို့ ကျားပိန်တွယ် တွယ်လိုက်မယ်။ နီးလွယ်အောင်ပြု ကံနှစ်ပါးကို စုလျားချင်းစုတဲ့မှ အမှုသွားကောင်းတော့မယ် ဖေတိုရို့။
ပေါင်တို ဆို ။ ။
လက်ဟောင်းငယ်မှန် အဝါခံပုသိမ်စစ်ကိုမှ သည်ခေတ်တွင် သူမခြုံလို့ မူတပုံဆန်း။
ကော်ပတ်ကယ်ထူ ငါးမျိုးမသာကူတဲ့ ပုဝါဖြူသရေမဲ့ကို ခါးတွဲလို့ပန်း။
လမ်းမဟုတ်စွာ ဝတိံသာက ကညာနတ်မယ်ဘုရားကြီးက ကျွန်သီးရခိုင်နှင့် ဘုန်းပြိုင်မယ့်ရွယ်သလို မဖွယ်ပါဘူး ဇမ္ဗူခွင်မှာ ရာဇဝင်ထူးရော့မယ် ကျေးဇူးရှင် ဆင်ခြင်တော်မူသင့်လှပါသည်ဘုရား။
မင်းသမီးက ကြိုက်ရမည်ခြိမ်းခြောက်၍ ပေါင်တို ပြော ။ ။ နဝမ္ပီယာ လိုက်၍ရှာ တဏှာပင်လယ် ကိလေသာစက် သုံးထောင်ဝက်ကို လက်မလယ်ရ ဖောက်သယ်ချတဲ့ ညဈေးသယ် ... ကျွန်ုပ်ပေါင်တို ကယ်ပါလိုကို မျိုမတတ်ချစ် တန်းတန်းစွဲ တကတည်းနှစ်မယ်လို့ စုံ့စုံ့ပြစ်ကြံကတည်း ခက်ခဲနိုင်မျှ လင်ကြီးသိ၍ သတ္တိပေါ် သေပျော်ကြရော့မယ်။ အစသေသေ ချစ်ကြီးခွေရအောင် ဘယ်အနေကြံမလဲ မင်းသမီး။
မင်းသမီး ပြော ။ ။ မသာဖိတုံး ပုံတနှုန်းသို့ ခပ်လုံးတင်တင် တသက်မမုန်း ရွှေချလို့သုံးလောက်တဲ့ မောင်တုံးခင် ... ပူပင်စိတ်နောက် ဘာကိုမျှကြောက်ပါနှင့်။ ကြုံလောက်ပါဘူး နန်းတွင်းသူ့ဓလေ့ မာယာနှင့်မွေ့ရလျှင် မြေ့လို့သာနူးရော့ပါ့။ ချစ်ဦးမူလ လင်ဟောင်းဆိုတဲ့ အိုတွတွကို ဘုရားနှမတော် တောင်ထိပ်ပေါ်သို့ နတ်ပူဇော်ရန် သွားချင်တယ်လို့ ပရိယာယ်ဖန်မယ်ပါ့ ငိုသံနှင့်ပြောလိုပြော မောသံနှင့် နွဲ့လိုနွဲ့ အဖေကြီးရဲ့ မောင်ကြီးငဲ့ ချစ်မငြီးတဲ့ရွှေသီးရဲ့ မသွားနေခုသေမကွဲ့ သက်ဝေပြာလဲ့ တင်္ခဏုပ်မြန်မြန် မိန်းမဉာဏ်ကြံဖန်တဲ့လို့ တကဲ့မူရူ အဟုတ်မှတ်လို့ မနပ်မနူး ရိုးရူးရူး လက်ဦးလူဟာ တောင်ထိပ်သို့ ပါရော့ပ။ ပါလျှင်ပြီးပြီ နတ်ကိုတောင်းပန် ပူဇော်ဟန်နှင့် တောင်ယံစွန်းက တွန်းလို့ချလိုက်လျှင် ပတောစိတ်ပိတ္တောစ သည်သောအခါမှ စိတ်သာလက်ဖြေ ပေါင်တိုဖေနှင့် ကေနီကောရော့ပ သောကမရှိပါနှင့် ဖအေငယ်။
ပေါင်တို ပြော ။ ။ ဩော် ... အိပ်ရာနံဘေး မျောက်ကလေး မွေးတဲ့အခန်း ကန်စွန်းရောရော ဟင်းရံပါတဲ့ ကြာနိဒါန်းများကို နန်းသူအကျင့် အကုန်ဖော်လို့ ဋီကာကျော်ဖွင့်ခဲ့တယ် သင့်လိုက်ပါဘိ။ တက်ကစီးအဟုတ် ကုသိုလ်ထုပ်ကြီးကို ငါဆုပ်မိပြီ။ ပိဋကတ်ကျမ်းပြု အာပတ်ပြေပြေ ဟောလိုက်လေ အဆီတွေစုပါဘိ သာဓု သာဓု အမိငယ်။
Comments
Post a Comment