ပြည့်တန်ဆာပြဿနာ တကယ်ဖြေရှင်းလိုလျှင်

ယခုတလော ရန်ကုန် အစရှိသော မြို့ကြီးများတွင် ပြည့်တန်ဆာများကို အစုလိုက်အအုံလိုက် ၎င်းတို့အထိန်းများနှင့်တကွ ဘမ်းဆီးနေသည်မှာ နေ့စဉ်နှင့်အမျှ ဖြစ်၏။ ထိုသို့ ဘမ်းဆီးခြင်းကို မဝေဘန်မူ၍ ဘာကြောင့် ပြည့်တန်ဆာဖြစ်ရသည် ဟူသော အချက်ကို ရှင်းလင်းရပေမည်။
ပုလိပ်လိုက်ရုံနဲ့ နတ်သ္မီးများ ပျောက်နိုင်ပါမည်လော

စီးပွားရေးကြောင့်

တိုင်းပြည်တွင် ဆင်းရဲသားများက ထမင်းရက်ချန် ရေရက်မှန် ဖြစ်နေစဉ် ချမ်းသာသူ ကြေးရတတ်များမှာ အတိုင်းမသိ စည်းစိမ်ယစ်လျက် ဇိမ်ခံနေနိုင်ကြပေ၏။ ပြိုသောကမ္ဘာကလည်း တပြိုထဲပြို၊ ထွန်းသောကမ္ဘာကလည်း အဆက်မပြတ် ထွန်းလာရကား ထိုသို့ မမျှတလှသော စီးပွားရေးစံနစ်သည် ဆင်းရဲလှသူကလေးများအား မနှစ်မြို့ဘွယ်ရာသော နတ်သ္မီးလောကသို့ ပို့ဆောင်ချေဘိ၏။ တနေ့လုံးလုပ်၍မှ တမတ် မစီမိသူကလေးအား ၁၀ိ ၅ိ ထောင်၍ပြက ပဋ္ဌမ တကြိမ်နှစ်ကြိမ်သာ စိတ်တင်းနိုင်၍ ကြာသော် ခံနိုင်ရည်မရှိဘဲ ယိမ်းယိုင်သွားမည်မှာ ဓမ္မတာပင် ဖြစ်တော့သည်။

သူတို့အပြစ် မဟုတ်

စာရေးသူကိုယ်တိုင် ၁၃၀၀ ပြည့်နှစ်၊ သပိတ်ပေါင်းစုံကိစ္စကြီးတွင် ဝင်ရောက်ဆောင်ရွက်စဉ်က တွေ့ခဲ့ရသော အဖြစ်အပျက်မှာ လွန်စွာ ဝမ်းနည်းဘွယ် ကောင်းပေသည်။ အချို့သော စက်ရုံတို့မှ အလုပ်သမားမိန်းကလေးများမှာ တရက်လျှင် ၉-နာရီမှ ၁၀-နာရီခွဲအထိ အလုပ်လုပ်ရလေသည်။ ၎င်းတို့၏ နေ့စားအခမှာမူ ၁၀ ပြားမှ ၄ ပဲထိသာ ရှိကြသည်ကို ထောက်သော် တနှစ်လုံးစုဆောင်း၍မှ ရမည်မဟုတ်သော ငွေ ၁၀ိ ကို ၅ မိနစ်အတွင်း ရမည်ဆိုပါက ကာမမှုတွင် ဇွတ်နှစ်လိုက်ကြခြင်းမှာ ဘာမှ အံ့ဩစရာ မရှိပေ။ အချို့မှာ တခါတရံ စားရရုံ ဝတ်ရရုံလုပ်၍ အချို့မှာ ပေါက်တဲ့နဖူး မထူးတော့ဟု မိမိတို့၏ နုံချာလှသော လူမွဲဘဝကို အမည်သာဆိုးလျက် ငွေရသက်သာသော ပြည့်တန်ဆာရေယဉ်ကြောဝယ် အလျားလိုက် မျှောချလိုက်ကြတော့သည်။

မကြောင့်မကြ မတောင့်မတ စားသောံနေထိုင်ရသူတို့လည်း အထက်ဘော်ပြပါ မိန်းကလေးများကဲ့သို့ ဟီရိ ဩတ္တပ္ပကိုမျှ လုံခြုံအောင် မဝတ်ရခြင်း၊ အားပြည့်အောင်မှ မစားရခြင်းတို့နှင့် ပက်ပင်းပါ တွေ့ကြုံနေက သက်သာသော ငွေရှာနည်းကို မလိုက်ဟု မည်သူပြောနိုင်အံ့နည်း။ လူသားလူတဦးအနေဖြင့် သည်းမခံနိုင်လောက်သော ချို့တဲ့မှု နုံချာမှုတို့ကြောင့် မိမိတို့ဘဝကို အရှုံးခံသွားကြရှာသော မိန်းကလေးများကို အပြစ်ဆိုဘွယ်ရာ မရှိချေ။ ဆိုးရွား စုတ်ပဲ့လှသော ဓနရှင်စံနစ်သည်သာ ပြည့်တန်ဆာဖြစ်ရခြင်း၏ မူလတရားခံဖြစ်လေသည်။ ကိုယ်တိုင် လော်လီဖေါက်ပြားသဖြင့် ဘဝဆိုးသို့ ရောက်သူများကား ၁၀၀ လျှင် ၄ ယောက်ထက် ပိုနိုင်မည်မဟုတ်ပေ။

မည်သည့်မိန်းကလေးကမျှ ကိုယ်ကိုရင်းနှီးရသည့် အဖြစ်မျိုးဖြင့် စီးပွားမရှာလို။ မည်သည့်မိခင်မှ ချစ်မငြီးသည့် သ္မီးကလေးကို မုတ်ဆိတ်ဖါးဖါးနှင့် ကုလားကြီးလက်သို့ ဝကွက်၍ မအပ်လိုပေ။ ဖအေလောက်ရှိသော မုဆိုးဘိုကြီး အပျော်မယားအဖြစ် မြင်လိုမည်မဟုတ်ကြောင်း ကိုယ်ချင်းစာလျက် သိနိုင်ပေတော့သည်။

ပပျောက်နိုင်ပါ့မလား

သို့ဖြစ်ရကား ယခုလို နတ်နန်းတွေကို ပုလိပ်စီးရုံနှင့် နတ်သ္မီးတွေ ပပျောက်နိုင်ပါ့မလား။ ဘမ်းမှာကြောက်၍သာ ကိုယ်ရောင်ဖျောက်ဘိ၏။ စင်စစ်ကား နတ်သ္မီးများ ပပျောက်၍ မသွားနိုင်ပေ။ နှိပ်ကွပ်ရေးဥပဒေတွင် ဒဏ်ငွေသာ ရိုက်နိုင်ကြောင်း သူတို့ သိကြ၏။

ထို့ကြောင့် (ယမန်နှစ်က ခေတ်စားခဲ့သော) ပြည့်တံဆာရပ်ကွက် သီးသန့်၍ ထားသည်ဖြစ်စေ၊ မထားသည် ဖြစ်စေ၊ ဘမ်းပြီး တရားစွဲစွဲ မစွဲစွဲ တနိုင်ငံလုံး၏ စီးပွါးရေးအခြေကို ပြုပြင် မြှင့်တင်နိုင်ခြင်း မရှိက ပြည့်တန်ဆာပြဿနာမှာ (ပုလိပ်စရိတ်သာ ကုန်၊ နတ်သ္မီးဗိမာန် မညှိုး) ဖြစ်ပေတော့မည်။

ရုရှားနည်း

ကမ္ဘာပေါ်တွင် ပြည့်တန်ဆာပြဿနာကို တိတိကျကျ ဖြေရှင်းနိုင်သော ပြည်တပြည်သာ ရှိ၏။ ၎င်းကား ဆိုဗီယက်ယူနီယံ (ရပ်ရှား) ဖြစ်လေ၏။ ၁၉၁၇ ခုနှစ်မှ ပဋ္ဌမ ၅ နှစ် ကိန်းသင်ကာ စီးပွါးရေးခေါင်းပုံဖြတ်ဝါဒကို သုတ်သင်၍ လူတိုင်းလူတိုင်း လူတန်းစေ့နေနိုင်ရန် စီမံလိုက်သောအခါ ၃ နှစ်အတွင်း ပြည့်တန်ဆာမများ ပပျောံလုနီး ဖြစ်သွားလေသည်။ ဥပမာ မော်စကိုမြို့တွင် ရှိရင်းစွဲ ၇၀၀၀ မျှသော ပြည့်တန်ဆာများမှာ ၃ နှစ်အတွင်း ၂၀၀ ထိ လျှောကျသွားလေသည်။ ယခုနေအခါဆိုလျှင်ကား လုံးဝ ရှိတော့မည်မဟုတ်ချေ။

ထို့ကြောင့် လူချင်းမတူ သူချင်းမမျှ နေရခြင်း၊ ရောဂါထူပြောခြင်း၊ အသက်တိုခြင်း၊ ပြည့်တန်ဆာပေါများခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း စသည့် မနှစ်လိုဘွယ်ရာများ၏ ရေသောက်မြစ်ဖြစ်သော ဓနရှင်ဝါဒကို ပယ်ဖျက်နိုင်ပါမှ လူတိုင်းလူတိုင်း ညီမျှသော အခွင့်အရေးကို ခံစားရသဖြင့် ငြိမ်းချမ်း သာယာ ပျော်ရွှင်စွာ နေရမည်ဖြစ်သတည်း။

သခင်ဗတင် (သံတွဲ)

စနေ နဂါးနီ
အတွဲ (၂) အမှတ် (၄၂)
 ၁၉၄၁ မတ် ၂၉

Comments