သာလာယံဇရပ်ဖြစ်နေသော ဗမာပြည်

ယူနံဖူလမ်းမှ ဗမာပြည်တွင်းသို့ ဥဒဟိုဝင်ထွက်သွားလာနေသော တရုပ်များ

ယခုအတောအတွင်း စိတ်မချမ်းမြေ့ဘွယ် ပေါ်ထွက်လာသော သတင်းတရပ်မှာ တရုပ်ပြည်ဘက်မှ တရုပ်လူမျိုးများ အစုလိုက်အပြုံလိုက် ဗမာပြည်တွင်းသို့ တံခါးမရှိတရားမရှိသဘောဖြင့် ဝင်လာကြသည်ဟူသော သတင်းပင် ဖြစ်လေသည်။

တရုပ်တို့သည် ရိုးသားစွာနှင့် မိမိကိုယ်ရေးဒုက္ခကြောင့် လာကြသလောဟု စုံစမ်းခဲ့ရာတွင် တကဲ့ဒုက္ခသည်များနှင့် မသမာသောလူများပါ ဝင်ရောက်နေသည်ကို သိရှိရပေသည်။

တရုပ်လူမျိုးများသည် ခုံမင်မှ ဝမ်တိမ်တလျှောက် ခြေလျှင်တချို့ ယဉ်နှင့်တသွယ် လာရောက်ခဲ့ရာတွင် လမ်းခရီး၌ ငတ်ပြတ်လုမတတ် ဆင်းရဲလှသည့် တရုပ်မကလေးများအား သွေးဆောင်ခေါ်ယူခဲ့ကြသည်ဟု သိရ၍ ကြူခုတ် (ဗမာပြည်ပိုင်) တွင် နယ်ခြားစောင့်များအား လဘ်ထိုးငွေပေး၍ မြောက်ပိုင်းရှမ်းပြည်မှ လှည့်ကာ ဗမာပြည်တွင်းသို့ ရောက်လျှင် တရုပ်ပြည်မှ ခေါ်ဆောင်ခဲ့သ​ော တရုပ်အမျိုးသ္မီးကလေးများအား ရောင်းချလျက် လူကုန်ကူးနေကြသည်ဟူသော သတင်းကို ကြားသိရပြန်သဖြင့် ပိုမို စိတ်မချမ်းမြေ့ဘွယ်ပင် ဖြစ်ရပြန်လေသည်။

ဤစာရေးသူကိုယ်တွေ့ကား တရုပ်လူမျိုးများသည် ဆောင်းအချိန်ကျတိုင်း ရှမ်းပြည်တွင်းသို့ (အများအားဖြင့် အောက်တိုဘာလမှ မတ်လအတွင်း) ဆင်းကာ နေထိုင်လေ့ရှိပေသည်။ အကြောင်းမူကား တရုပ်တို့ နေထိုင်ရာဒေသမှာ ပေပေါင်း (၄၀၀၀) ကျော် မြင့်သဖြင့် ဆောင်းဥတုတွင် အလွန်အေး၍ ရာသီဥတု ညီမျှသော ရှမ်းပြည်သို့ ဆင်းလာခြင်း၊ မိုးကုတ် ပတ္တမြားတွင်း၊ မိုးကောင်း ကျောံစိမ်းတွင်းနှင့် နမ်မတူ ခဲမဖြူတွင်းများတွင်လည်း ဝင်ရောက်လုပ်ကိုင်ကြ၍ အလာတွင် ဗလာကိုယ်ထည်း ဖြစ်သော်လည်း အပြန်တွင် ရွှေငွေ အဝတ်အထည် စုဆောင်းမိခြင်းတို့ကြောင့် နှစ်စဉ် ဆင်းလာကြ၍ နှစ်စဉ် ပြန်လည်ကြပေသည်။

သို့သော် ဝင်ထွက်ရေးစာရင်းကို ဆိုင်ရာ အစိုးရအမှုထမ်းတို့က ထားစရာမလိုဟု ဆိုကာ မယူခဲ့သဖြင့် တိုင်းပြည်က မသိခဲ့ရပေ။

ယခု စစ်ပြီးချိန်တွင်မူ တရုပ်ပြည်ဘက်တွင် နေထိုင်စားသောက်ရေး ကြပ်တည်းကျဉ်းမြောင်းလှသဖြင့် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ဗမာပြည်မသို့ပင် ဝင်ရောံနေထိုင်လျက် ရှိကြပေသည်။

ထိုကဲ့သို့သော တံခါးမရှိသော အိမ်ပျက်ကဲ့သို့ ဝင်လာမစဲ တသဲသဲဖြစ်နေပါက ယူနံဖူ လမ်းမကြီးသည် ဗမာ့နောင်ရေးအတွက် စိုးရိမ်ဘွယ် ဖြစ်နေပေပြီ။

ယခုပင် ရန်ကုန်-မန္တလေး တရုပ်ထားပြဂိုဏ်းကြီးသတင်း၊ လာရှိုး ပြည်တံဆာရောင်းဝယ်မှု သတင်းဆိုးများဖြင့် စာရိတ္တပျက်ပြားမှု၊ ဆူပူသောင်းကြမ်းမှုများ ကြားရ၍ ဂုတ်ထိပ်တံတားကြီး အလုပ်သမားနှင့် နန်လန် ဆန်ဆယ်အနီး ထန်းဆီပင်များ စိုက်ပျိုးရေးတို့တွင် တရုပ်ပြည်မှ ဝင်ရောက်လာသော အလုပ်သမားကြောင့် ရှမ်းတိုင်းရင်းသား ရှမ်းမိုင်းသာ ဓနုများမှာ အလုပ်လက်မဲ့ ဖြစ်နေရပေပြီ။

ဗမာပြည်သည် ဧရိယာအကျယ်အဝန်း ၂၆၀ ၀၀၀ စတုရန်းမိုင်ရှိရာ (၁၉၄၆) ခု သန်းခေါင်စာရင်းအရ လူဦးရေ ၁၆ ၈၂၃ ၇၉၈ ရှိသဖြင့် ပျမ်းမျှကြေး စတုရန်းတမိုင်လျှင် လူပေါင်း ၆၅ ယောက် နေထိုင်သည်ဟု ဆိုရပေမည်။

အိမ်နားနီးချင်းနိုင်ငံ အိန္ဒိယပြည်တွင် လူဦးရေ သန်းပေါင်း ၃၅၀ ကျော် ရှိ၍ စတုရန်းတမိုင်ပါတ်လည်တွင် လူဦးရေ ၂၄၂ နေထိုင်၍ သန်းပေါင်း ၄၀၀ ကျော်ရှိသော တရုပ်ပြည်တွင် စတုရန်းတမိုင်လျှင် လူဦးရေ ၂၃၁ နေထိုင်လေသည်။

စတုရန်းတမိုင် ၂၄၂ နေထိုင်ရသော အိန္ဒိယတိုင်းသားများနှင့် တမိုင် ၂၃၁ နေထိုင်ရသော တရုတ်လူမျိုးများက တမိုင်အကျယ်အဝန်းတွင် ၆၅ ယောက်မျှသာ နေထိုင်သော ဗမာပြည်တွင်းသို့ နေရာကျယ်သည်ဟု သဘောထားကာ ဝင်ရောက်ခဲ့သော် စစ်ဘေးဒါဏ်ကို ပြင်းထန်စွာ ခံစားလိုက်ရသော ပြာပုံနိုင်ငံ ရှမ်း-ဗမာတို့က ဝမ်းသာစွာ ကြိုဆိုလက်ခံနိုင်ပါမည်လော။

ဆိုင်ရာမှ ကြားသိရချက်အရ ဗမာပြည်အစိုးရသည် အရေးပေါ်လူဝင်လူထွက် ဥပဒေတရပ်ကို ထုတ်ပြန်လိုက်ပြီဖြစ်၍ ဗမာလူမျိုး မဟုတ်သူများသည် မြန်မာနိုင်ငံတော် အစိုးရထံမှ အထောက်အထားအပြည့်အစုံပါသော ဝင်ထွက်ရေးပါမစ် လက်မှတ်မပါလျှင် ဝင်နိုင်မည်မဟုတ်ဟု ဆိုကြောင်း။ သို့သော် ဂရိတ်ဗြိတိန်တွင် နေထိုင်သည့် လက်အောက်ခံလူမျိုးများအား ချန်လှပ်ထားသည်လည်း ပါရှိကြောင်း။
လူဝင်လူထွက်ကို တားမြစ်လိုက်သဖြင့် တိုင်းပြည်အဘို့ အတိုင်းမသိ ဝမ်းမြောက်ဘွယ်ပင် ဖြစ်ပါ၏။ တားမြစ်၍ရသော ရေကြောင်းမှ ဝင်ရောက်သည့် နိုင်ငံခြားသားများ ဝင်ထွက်ရေးအပြင် ယူနံဖူလမ်းမကြီးမှ တစိမ့်စိမ့်ဝင်လာသော တရုပ်ဒုက္ခသည်များ၊ အကျင့်စာရိတ္တ ပျက်ပြားသော လူဆိုးထားပြ ပြည်တံဆာမများ၊ ကုန်ခိုးထုတ်သော တရုပ်မှောင်ခိုသမားများ အရေးကိုလည်း အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူသင့်သည် ဖြစ်ပါသတည်း။ ။

ဖဆပလ သတင်းစဉ်
အတွဲ (၁) အမှတ် (၃၀)
၁၉၄၇ ဇူလိုင် ၅

Comments