ခေါင်းဆောင်ကြီး သခင်နု အတ္ထုပ္ပတ္တိ

ဝါးခယ်မမြို့ ဘုရားကြီးလမ်း မြေပိုင်ရှင် သင်္ကန်းပရိက္ခရာ ပိုးကုန်သည် ဦးစံထွန်း၊ ဒေါ်စောခင်တို့မှ သခင်နုကို ၁၂၆၉ ခု၊ နယုန်လပြည့်ကျော် နံနက်အချိန်တွင် ဖွားမြင်ခဲ့လေသည်။
ဦးဘဂျမ်း ရေးသည့် သခင်နု ပုံတူ
ဒေါ်စောခင်၏ အစ်မကြီး ဒေါ်ကြီး ဆိုသူမှာ ကြေးရည်တတ်တဦးဖြစ်သော်လည်း မသိန်းတင် ဟူသော သ္မီးတယောက်သာ ထွန်းကားခဲ့သဖြင့် သခင်နုကို သားရင်းပမာ အလွန်ချစ်ခင်ခဲ့လေသည်။ သခင်နု၏ ကလေးဘဝတလျှောက်လုံးသည် ဦးရွှေကုန်း၊ ဒေါ်ကြီးတို့ လက်ထဲတွင်သာ ရှိခဲ့လေသည်။

သခင်နုသည် သားဦးဖြစ်သည်။ သူ ငယ်စဉ်က အလွန်အမင်း ချူချာလွန်းလှလေရာ အစ်မကြီးဖြစ်သူ ဒေါ်သိန်းတင် အပြောအရ တလတွင် ခြင်ထောင်အပြင်ဘက်၌ ၁၀ ရက်ခန့်သာ နေနိုင်၍ ကျန် အရက် ၂၀ မှာ နေမကောင်းသဖြင့် ခြင်ထောင်ထဲတွင် သွင်းထားရသည်ဟု ပြောပြလေသည်။

သခင်နုတွင် မွေးချင်း ၄ ယောံ ယောက်ျားကလေးချည်းသာ ဖြစ်ခဲ့သော်လည်း ၂ ယောက်မှာ ငယ်စဉ်ကပင် ဆုံးခဲ့သဖြင့် ယခု သခင်နု၊ သခင်ဥ ညီအစ်ကိုနှစ်ယောံသာ ကျန်ရစ်ခဲ့လေသည်။

သခင်နုသည် နေတက်ရေတက် စနေသားဖြစ်သဖြင့် ဗေဒင်က ငယ်စဉ်က စိုးရိမ်ရသည်ဟု အဟောရှိရာ ဒေါ်ကြီးနှင့် သခင်နုဘခင်ဘက် ဖွားအေများမှာ သခင်နုကို အထူးဂရုစိုက် မွေးကြရလေသည်။

ထိုစဉ်က အိမ်တွင် ကုလားဆေးဆရာ၊ ဗမာဆေးဆရာ၊ ကုလားဗေဒင်ဆရာ၊ ဗမာဗေဒင်ဆရာတို့နှင့် ပြတ်လှသည် မရှိခဲ့ပေ။ ဒေါ်ကြီးမှာ ရှေးလူကြီးဖြစ်သဖြင့် ဗေဒင်ယတြာများကို အထူးယုံကြည်ခါ သခင်နုအတွက် ဗေဒင်မေးရ ယတြာချေရသည်မှာ နားရသည်မရှိခဲ့ပေ။

သခင်နု ငယ်နာမည်မှာ တာတေ ဖြစ်၍ သခင်ဥ ငယ်နာမည်မှာ ကုလားလေး ဖြစ်ခဲ့လေသည်။

၅ နှစ် ၆ နှစ်သားအရွယ်တွင် တာတော ကုလားလေး ဆိုလျှင် အရပ်အော်အေါင် ဆော့ကြသူများ ဖြစ်ခဲ့လေသည်။ ကိုထွန်းဖေဆိုသူမှာ (ယခင် ဂျပန်လက်ထက်တွင် ရာဇဝတ်ဝန်ထောက်ဘဝတွင် ဂျပန်သတ်၍ သေသွားပြီ) တအိမ်ထဲနေ အလွန်ချစ်သော သူငယ်ချင်းဖြစ်လေသည်။ အရေးရှိ၍ ခလေးချင်းရန်ဖြစ်လျှင် သခင်နုသည် ဘယ်တော့မှ ဝင်၍ မချ။ ညီဖြစ်သူ ကိုဥ၊ ကိုထွန်းဖေတို့ကသာ ကူ၍ ရန်ဖြစ်ရ ရိုက်ရလေသည်။

သခင်နု ငယ်စဉ်က ဝါးခယ်မမြို့ အစိုးရအလယ်တန်းကျောင်းတွင် ပညာသင်ကြားခဲ့လေသည်။ ၁၂၈၂ ခုနှစ် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်၍ အမျိုးသားကျောင်းများ ပေါ်လာခဲ့ရာ သခင်နုသည် ၇ တန်းတွင် ဝါးခယ်မမြို့ အမျိုးသားကျောင်းသို့ ရွှေ့ပြောင်းနေလေသည်။ ၇ တန်းအောင်လျှင် သခင်နုနှင့် သခင်ဥတို့အား ရန်ကုန် မြို့မကျောင်းကြီးသို့ ရွှေ့ပြောင်းထားလေသည်။

သခင်နုတို့၏ ဆွေမျိုးတစုသည် မျိုးနှင့်ရိုးနှင့် နိုင်ငံရေးလိုက်စားသူများ ဟူ၍ ဝါးခယ်မမြို့တွင် နာမည်ကြီးခဲ့လေသည်။ နာမည်ကြီးသည့်အတိုင်း အဘ ဦးစံထွန်းမှာ ဝံသာနုခေတ်က အသင်းဝင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်၍ အမိ ဒေါ်စ​ောခင်မှာ ထိုစဉ်က ကုမ္မာရီအသင်းသူတယောက် ဖြစ်ခဲ့လေသည်။

မြို့မကျောင်းမှ ၁၀ တန်းအောင်လျှင် တက္ကသိုလ်ကျောင်းသို့ ပို့လိုက်လေသည်။

ဒေါ်ကြီးနှင့် သခင်နုမိခင်မှာ သခင်နုကို အလွန်အရေးပေး ချစ်ခင်ကြရာ ကျောင်းပိတ်၍ အိမ်ပြန်လာလျှင် အိမ်ရှိ အစေခံများ စိတ်ညစ်လောက်အောင် ပြုစုတတ်ကြလေသည်။

သခင်နု ဘီအေ၊ သခင်ဥ အိုင်အေတွင် တက္ကသိုလ်မှ ထွက်ခဲ့ကြလေသည်။ ဘီအေအောင်အပြီးတွင် ပန်းတနော် အမျိုးသားကျောင်းကြီး၌ ကျောင်းအုပ်ဆရာကြီးအဖြစ် လုပ်၍ ကျောက်တန်း သုံးခွသို့ ပြောင်း၍ ကျောင်းဆရာကြီး လုပ်နေစဉ်တွင် ပန်းတနော်မြို့ မြေပိုင်ရှင် ဦးအောင်ငြိမ်း၊ ဒေါ်ညီမတို့၏ သ္မီးထွေး မမြရီနှင့် အကြောင်းပါခဲ့သည်။

၎င်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအယ်လ်အတန်းသို့ ဆက်၍ သင်ကြားလေသည်။ ထိုစဉ်က တက္ကသိုလ်သမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့လေသည်။ ထိုအချိန်တွင် သခင်နုသည် နိုင်ငံရေး လိုက်စားသည်သာမက မဟုတ်မခံ ကျောင်းသားများရှေ့တွင် မားမားမတ်မတ် ဆူခဲ့ပူခဲ့သူ ဖြစ်သဖြင့် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာ စလော့က ကျောင်းမှ နှင်ထုတ်ခဲ့သည်။

သခင်နုအား ကျောင်းထုတ်သည့်အချက်ကို ကျောင်းသားများ မခံမရပ်နိုင်ဖြစ်ခါ ထိုအချက်ကို အရင်းခံ၍ အခြားလိုလားချက်များနှင့်အတူ ညံ့ဖျင်းသော ပညာရေးစနစ်ကို မလိုလား၍ ၁၉၃၈ ခု ကျောင်းသားသပိတ် အရေးတော်ပုံကြီးကို စတင်ဖန်တည်းခဲ့လေသည်။ ထိုနှစ်တွင် သခင်နုသည် အီအေဂုဏ်ထူးကို ပြန်၍ အပ်ခဲ့လေသည်။ ထိုမှစ၍ သခင်နုသည် အစိုးရအလုပ်တွင်၎င်း၊ လခစားအလုပ်တွင်၎င်း၊ ဝင်၍ မလုပ်တော့ဘဲ စာကိုသာ ရေးခဲ့လေသည်။

သပိတ်မှောက်ပြီးနောက် အမျိုးသားတက္ကသိုလ်တွင် ကိုထွန်းအုန် (ယခု ပြည်သူ့ထောက်ပံ့ရေးအရာရှိ)၊ သခင်လှဖေ (ဗိုလ်လက်ျာ) တို့နှင့်အတူ ၃ ယောက်ကို လခ တလ ၄၀ိ တည်းသာ ယူ၍ တာဝန်ခံ လုပ်ခဲ့ကြလေသည်။ ၎င်းနောက် နဂါးနီ စာအုပ်အသင်းကို တည်ထောင်၍ နိုင်ငံခြားစာပေများကို ဘာသာပြန်ထုတ်ဝေခြင်း၊ စာအုပ်များ ရေးခြင်း ပြုလုပ်ခဲ့လေသည်။

၁၉၃၉ ခု၊ ဗိုလ်အောင်ကျော်တို့ သပိတ်မှောက်ပြီးနောက် တိုင်းပြည်နိုင်ငံရေးသည် လှုပ်ရှားလျက် ရှိလေသည်။ ထိုစဉ်က သခင်နုသည် ဒို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်တယောက်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းသည် အတွင်းရေးမှူး ဖြစ်ခဲ့လေသည်။

ထိုနှစ်တွင်ပင် ဒို့ဗမာအစည်းအရုံးက သာယာဝတီတွင် ညီလာခံကျင်းပ၍ 'ဗမာ့လွတ်လပ်ရေးကို စစ်ပြီးလျှင် ကျေညာပါမည် ဟူသော ဗြိတိသျှအစိုးရတို့က အတိအလင်း ဝန်မခံလျှင် ဗမာလူမျိုးများက စစ်ကို လုံးဝ အကူအညီမပေး' ဟူသော အဆိုကို တင်သွင်းမှုနှင့် အစိုးရက သခင်နုကို ဖမ်း၍ ထောင်ချခဲ့လေသည်။

၎င်းနောက် စစ်ကြီး ဖြစ်လာစဉ်တွင် သခင်နုသည် မန္တလေးထောင်တွင်း ကျရောံလျက် ရှိလေသည်။

ဘီအိုင်အေ တက်လာပြီးနောက် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်အဖြစ် ၎င်းနောက် ဝါဒဖြန့်ဖြူးရေးဌာနဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့လေသည်။

ဂျပန်များ ဗမာပြည်မှ အပြေးတွင် မုဒုံသို့ ဂျပန်တို့နှင့် ပါသွားရာ မုဒုံရောက် သခင်နု ဟူ၍ ဘွဲ့တပ်ခြင်း ခံခဲ့ရလေသည်။

၎င်းနောက် ဝါးခယ်မသို့ ခေတ္တ ပြန်အနားယူ၍ တဖန် ဖဆပလတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လေသည်။ ယခု သူသည် ဗမာပြည် ယာယီအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လေသည်။

စိတ်နေစိတ်ထား

သခင်နုသည် ငယ်စဉ်ကပင် သူတပါးအား သနားကြင်နာတတ်သည့်စိတ်၊ သူတပါးက သနားအောင် ပြောလျှင် ယုံကြည်ခါ လက်စွပ်ချွတ်ပေး၊ အဝတ်ချွတ်ပေးတတ်သူ ဖြစ်လေသည်။ တနည်းသော် အလှူရဲသူတယောက်ဆိုလျှင် မမှားနိုင်ပေ။

ဘုရားတရား အလွန်ကြည်ညို၍ တိတ်ဆိတ်အေးချမ်းရာ အရပ်ဒေသကို နှစ်သက်သူဖြစ်လေသည်။ ဝါးခယ်မမြို့ မြို့ပြင်တွင် သခင်နုအတွက် သူ့မိခင်က အိမ်တဆောင် ဆောက်ပေးခဲ့လေသည်။

သခင်နုသည် သဘေါရိုးအလျောံ သူများပြောလျှင် ရုတ်တရက် ယုံလွယ်တတ်လေသည်။

သားတူညီများဝါဒ

သခင်နုသည် သားတူညီများဝါဒကို အလွန် ရွံရှာမုန်းတီးသူ ဖြစ်လေသည်။ အကြောင်းအားလျော်စွာ ဖေါ်ပြရမည်ဆိုလျှင် ဂျပန်လက်ထက်တွင် ဗမာပြည်အုပ်ချုပ်ရေးအဖွဲ့က သခင်လှမောင် (ဝါးခယ်မမြို့ သခင်နု၏ ညီတဝမ်းကွဲတယောက်) အါး နိုင်ငံရေး ကြိုးပမ်းမှုရှိသဖြင့် မြို့ပိုင်ရာထူး ပေးအပ်ခန့်ထား၍ ဂေဇက်ထွက်တော့မည့်ဆဲဆဲတွင် သခင်နုက "ကျုပ်ညီမို့ မြို့ပိုင်ရာထူးပေးတယ်လို့ သူများတွေပြောဒါ ကျုပ် မခံနိုင်ဘူး" ဆို၍ ဖျက်ပစ်လိုက်သဖြင့် သူ့ညီအား မြို့ပိုင်အဖြစ်မှ ပယ်လိုက်ရဘူးလေသည်။

သခင်နုသည် ထိုမျှ ကိုယ်ကျိုးကြည့်မှုကို ရွံရှာမုံးတီးသူတယောက် ဖြစ်ခဲ့လေသည်။ လူတဦးတယောက်သည် ကိုယ်ရေးကို မြင်မြော်တတ်သူ၊ အနစ်နာ မခံနိုင်သူဖြစ်လျှင် ထိုလူကို သူ လုံးဝ မဆက်ဆံလိုပေ။

သူသည် အလွန်ရိုးသားသူဆိုလျှင် မမှားနိုင်။ နိုင်ငံရေးတွင် သဘောထားကောင်းလွန်း၍ နိုင်ငံရေးဘုန်းကြီးဟု ခေါ်သကဲ့သို့ပင် အိမ်ရေးကိစ္စများတွင်လည်း ဘာမျှမသိအောင် ရိုးသားလှလေသည်။ သူ၏ ရိုးသားမှုကိုပင် အခြေခံ၍ သူ့အိမ်သားများ ညီများ ညီမများက သူ့ကို ချစ်ခဲ့ကြလေသည်။

သူသည် ရက်စက်ပါပေ့ကွယ် ဝတ္ထုနိဒါန်းတွင် ရေးသားသကဲ့သို့ပင် နိုင်ငံရေးအား ဝင်ရောက်ဆောင်ရွက်နေသော်လည်း သူသည် လောကုတ္တရာရေးတွင်သာ ပျော်မွေ့လိုသူ ဖြစ်ခဲ့လေသည်။

သူရေးခဲ့သော စာအုပ်များ

ဂန္ဓာလရာဇ်လူပေါ်လူဇော် လုပ်နည်းခေတ်မှီ ပြဇာတ်များပုထုဇ္ဇနော ဥမ္မတ္တကောရက်စက်ပါပေ့ကွယ်အာဇာနည်ဆိုဒါ ဘာလဲနွားသိုးကြိုးပြတ် နှင့် မာက်စ်ဆဇ္ဇင်း စသည့် စာအုပ်များ ဖြစ်လေသည်။

ဖဆပလ သတင်းစဉ်
အတွဲ (၁) အမှတ် (၄၂)
၁၉၄၇ စက်တင်ဘာ ၂၇

Comments