သာမန်လူသား အောင်ဆန်း

၁၉၄၇ ခု၊ မတ်လ ၂၀ ရက်နေ့ မနက်စောစောပင် မြန်မာပြည်အထက်ပိုင်းသို့ လေယာဉ်ဖြင့် ခရီးထွက်ရန် ဗိုလ်ချုပ်နေအိမ်တွင် လိုက်ပါမည့်သူများ စုံလင်နေ၏။ ဗိုလ်ထွန်းလှ၊ ဗိုလ်မင်းလွင်နှင့် သခင်ဝတင်တို့လည်း အသင့်စောင့်နေကြ၏။ 
ထိုစဉ် ဗိုလ်ချုပ်သည် သမီးကလေးစုစု (အောင်ဆန်းစုကြည်) ကို ချီလျက် အိမ်ထဲမှ ခြေလှမ်းကြဲကြီးနှင့် စူအောင့်၍ထွက်လာ၏။ ပြီး ကားပေါ်သို့ ဝုန်းကနဲတက်ကာ "ကဲ ထွက်" သည်မျှသာ ပြော၏။ ကားလည်း လမ်းမကြီးအတိုင်း မင်္ဂလာဒုံသို့ အပြင်းနှင်တော့သည်။ 
လေဆိပ်သို့ ရောက်သောအခါ စုစုသည် ဗိုလ်ချုပ်ရင်ခွင်ထဲမှာပင် ရှူရှူပေါက်ချရာ ဝတ်ထားသောယူနီဖောင်းများ ရွဲရွဲစိုကုန်တော့သည်။ 
"ဗိုလ်ချုပ်တော့ ဗိုလ်ချုပ်ကတော်နဲ့ စိတ်ကောက်လာပြီဗျ။ ကြည့်သာနေတော့" ဗိုလ်မင်းလွင်က သခင်ဝတင်အား တီးတိုးပြောပြသည်။ 
လေဆိပ်မှ လေယာဉ်ထွက်လျှင် ဗိုလ်ချုပ်သည် ရှူရှူဖြင့်ရွှဲနေသော သူ့ဘောင်းဘီကို လဲလိမ့်မည်ဟု အတူခရီးသွားကြသော အဖွဲ့ဝင်များက ယူဆကြသော်လည်း ဗိုလ်ချုပ်ကား ထိုသေးပေနေသောဘောင်းဘီကို မချွတ်။ ဇွတ်ပင် ခရီးဆက်လေသော ဟူ၏။
© စုစုအားချီထားသည့် ဒေါ်ခင်ကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းအား တွေ့ရစဉ်

ပန်းတနော် ဝင်းသိန်း

သပြေ တေးမဂ္ဂဇင်း
အမှတ်စဉ် (၈)
၁၉၇၅ ဇူလိုင်

Comments