ပြည့်တန်ဆာ

ယောက်ျားတကာတို့အား မက်စက် တိမ်းမူး ညွှတ်နူးစေလောက်အောင် အတွေ့ကောင်းပါသည် ဆိုသော 'ပဉ္စပါပီ' အကြောင်းကို ငယ်စဉ်က လူကြီးတွေပြောသာ ပုံပြင်အဖြစ် ကြားခဲ့သိခဲ့ဖူးပြီး၊ သရက်တောထဲက သရက်ပင်ရင်းမှာ သံသေဒဇသူအဖြစ် မွေးဖွားလာခဲ့ကာ အရွယ်ရချိန်၌ ယောကျ်ားတကာ၏ ရာဂဒေါသလေးများကို အေးစေငြိမ်းစေတတ်သည်ဟု တိုင်းပြည်၏ အဆင်တန်ဆာအဖြစ် တင်စားဆိုကြသော 'အမ္ဗပါလီ' အကြောင်းလည်း စာပေမှာ သေသေချာချာ ရင်းနှီးခဲ့ဖူးပါသည်။ အေးသီသည် "ရှိုက်ဖိုကြီးငယ်၊ အသွယ်သွယ်မူ၊ တင့်တယ်စေမှု၊ သိကြားထုသို့" ဟု စာဆိုတော် ဦးရွှန်း ဖွဲ့ဆိုခြယ်မှုန်းခဲ့သော ဥမ္မာဒန္တီ၏ အလှနှင့် လားလားမှ မနှိုင်းအပ်ပါချေ။ သို့သော် သူ့အတွေ့ကိုသိသော ယောကျာ်းတကာကို ရူးသွပ်စေခြင်းမှာမူ ပဉ္စပါပီနှင့် ခပ်ဆင်ဆင်လေး တူပေမည်။
အေးသီသည် ဖြူ၏။ ပြေပြေပြစ်ပြစ် ရှိ၏။ ထွားထွားညက်ညက် စို၏။ နှာတံစင်းစင်း၊ နှုတ်ခမ်းထူထူရှိ၏။ အမှတ်တမဲ့ကြည့်ရုံမျှဖြင့် သူ့မျက်နှာခံမှာ ကြာလေးဆင်းနေတာ ဖျတ်ခနဲ့တွေ့ရမည်ဖြစ်သလို ကြာကြာကြည့်မိလျှင်မူ ထိုကြာပါသော မျက်နှာခံလေးမှ မျက်နက်ကိုထောင့်ကပ် ကြည့်တတ်သည့် အေးသီ၏ စပါးကြည့်မှာ တိမ်းမူးသာယာ သွားတတ်ပေသည်။ သို့သော် ကျွန်တော် ကံကောင်းသည်လား ကံဆိုးသည်လား မပြောတတ်သော အကြောင်းတစ်ခုကား အေးသီဟာ ကျွန်တော့် အလုပ်ခွင်ထဲက ပန်းရံအလုပ်သမမို့ အလုပ်ရှင်နှင့် အလုပ်သမား စည်းတစ်ထပ် ခိုင်ခိုင်လေး ခြားသည်။ ထို့အပြင် အေးသီပေါင်းနေသော သူ့လက်ရှိလင် ထွန်းတင်ဟာ အားအကိုးရဆုံး ပန်းရံခေါင်းမို့ နောက်ထပ်စည်းတစ်ထပ် ခပ်သန်သန်လေး ခြားပြန်သည်။ မည်သို့ပင်ဆိုစေ ကျွန်တော့်မှာလည်း အိမ်ထောင်နှင့်ဆိုသော အသိက အရံစည်းလေးအဖြစ် အပြင်ဆုံး တစ်လွှာက ခနော်နီခနော်နဲ့ ခြားနေစေ ပြန်ပါတော့သည်။
အလုပ်ခွင်တွင် သံဒိုင်းနှင့် ပန်းရံဟု အလုပ်သမား နှစ်စားရှိရာ အဆောက်အဦး ကိုယ်ထည်ပိုင်းအခံကို သံဖြင့်သွန်းကြသော သံဒိုင်းသမားတွေမှာ အထိန်းရ အခက်ဆုံးဖြစ်သည်။ သူတို့သည် နယ်စုံမှဖြစ်ပြီး စရိုက်လည်းစုံကာ အချင်းချင်းလည်း မကြာခဏ ခိုက်ရန်ဖြစ်တတ်သည်။ ပန်းရံအလုပ်သမားတွေမှာ သူတို့ခေါင်းဆောင် ကိုထွန်းတင်အပေါ် အင်မတန်ကြောက်ကြပုံမျိုးနှင့် ရှေ့တွင်မှာ ငြိမ်ဝပ်ပိပြားသည့် လက္ခဏာရှိသေးသော်လည်း၊ သံဒိုင်းတွေမှာ သူတို့အလုပ်ခေါင်းမို့လည်း အတူတူလုပ်နေကြရင်း မျက်နှာတစ်ဖက်လွှဲစဉ် မသိအောင် ပြောင်တတ်လှောင်တတ် ကြသေး၏။ သူတို့မှာ လေးစားမှုမရှိ။ သို့သော် လေးစားမှု ရှိပါသည်ဆိုသော ပန်းရံလေးတွေမှာပင် ညနေညနေ အလုပ်သိမ်းတော့ ဘိလပ်မြေကို သူတို့ ထမင်းထည့်ယူလာသည် စတီးချိုင့်လေးတွေနှင့် အိမ်ပြန်သယ်တတ်သည့် ညာဉ်က ရှိတတ်ပေသေးသည်။
တစ်ခါသော် ပန်းရံနှင့် သံဒိုင်းတို့ ရန်ဖြစ်ကြရာ ပန်းရံသမားက ငြမ်းပေါ်မှာ ဂဟေဆော်နေသော သံဒိုင်းကို လုပ်မည်ဟု သားလှီးဓားကို ပါးစပ်မှာ ကိုက်ပြီး တွယ်တက်စဉ်၊ အပေါ်ကလူမှ ဓားရိုးကို ဆီးကာဆွဲထုတ်လိုက်၍ လှီးလိုက်သလိုဖြစ်ကာ ပါးစောင်ဟက်တက်ကွဲလေသည်။ မခံချင်သော အောက်လူတစ်ယောက်မှ အုတ်ခဲကျိုးဖြင့် လှမ်းပစ်သောအခါ ဂဟေသမားမှာ ဂျိုစောင်း ဟက်တက် သွေးပြက်ပြက်ကျလေရာ "ဟာ ဟိုကောင်တော့ ကွမ်းစားကုန်ပဟေ့" ဟု ဘေးလူတွေက ဝိုင်းလှောင်နေကြသေး၏။ သို့သော် ဘယ်တော့မဆို ရုံးရောက်ဂတ်ရောက်တော့ ဖြစ်ခဲပါသည်။ အလုပ်ခွင်မှာ ဖြစ်သော ပြဿနာ အလုပ်ခွင်မှာပဲ ပြီးကြသည်က များပြီး ဤလိုသေးသေးဖွဲဖွဲအစုံသာ ရုံးဂတ်ရောက်ရသော် လုပ်ငန်းလည်း ပြီးဖို့မရှိပြီ။
ဤ မတစ်ရာသားတို့ စုံကြသော အလုပ်ခွင်မျိုးထဲက ပန်းရံအဖွဲ့တစ်ခုမှာ အေးသီရဲ့ ဘဝ သံသေဒဇ ပဋိသန္ဓေကပ်ခဲ့လေသလား မသိပါ။ ကျွန်တော်သည် အေးသီရဲ့ ဇာတိဇစ်မြစ်ကို စုံစမ်းလို့ မသိရ။ ကျွန်တော့် ယခင် ပန်ရံခေါင်းနှင့် အဆင်မပြေ၍ လမ်းခွဲလွှတ်လိုက်ပြီး ယခု ကိုထွန်းတင်ကို ခေါ်ယူလက်တွဲစဉ်မှာ အလုပ်ခွင်ထဲ အေးသီပါ ပါလာသည်။ ကျွန်တော်သည် ကိုထွန်းတင်ကို အလုပ်သဘောအရသာ သိသည်။ အလုပ်သဘောအရသာ ခပ်တန်းတန်း ပြောဆို ဆက်ဆံသည်။ ရိုးရိုးသားသား ပြောရလျှင် ယခင်လူဟောင်း ကျွန်တော်အပေါ် ပြုလုပ်ခဲ့သမျှ သံသယဒါဏ်ကို ကိုထွန်းတင်အပေါ် ပိုပိုသာသာလေး တင်ပေးမိတာလည်း ပါပေမည်။ ကျွန်တော် ဒီအကြောင်း သေချာမတွေးဖြစ်ပါ။
*****
ရင်သားအစုံ အထက်နားမှာ သွေးခြည်ကွက်တစ်ချို့ နက်နက်ညိုလို့။ ထဘီကို လျှော့ရဲစွာ ရင်ရှားထားစဉ် သူ့ပုခုံးသားနှင့် လည်တိုင်တစ်လျှောက်မှာလည်း ချွေးဥလေးတွေ သီးလို့။ လည်ပင်းညှပ်ရိုးအခွက်နားမှာလည်း ချွေးစလေးတွေ စီးလို့။ ပြေပြစ်ထွားစိုသော သူ့ကိုယ်က ကြက်သီးစတစ်ချို့ကိုပင် နေ့ခင်းအလင်းရောင်မှာ ကောင်းစွာမြင်နေရပါသေးသည်။ ကိုထွန်းတင်၏ ချစ်ခင်မှုကို အမြဲလစ်လျှူရှုတတ်သော အေးသီသည် ယခု ရေချိုးပြီးစ အခန်းထဲမှ ထလာတာဟု ကျွန်တော် မထင်တတ်ပါ။
"ဟောတော့ ဆရာ့"
အေးသီက အံ့ပဲဩသွားတာလိုလို ထင်မှတ်ပဲမထားတာလိုလို အကြောက်တရားကင်းသော မျက်နှာပေးနှင့် ကျွန်တော့်ကို ဆီးကြိုနှုတ်ဆက်ပါသည်။
သူလှေကားက ဆင်းလာတော့ မြို့သစ်က ရေဝင်မြေကွက်ပေါ် ဖြစ်သလို ကျင်တွယ်ခုံခံပြီးဆောက်ထားသော သုံးပင်နှစ်ခန်း သစ်သားအိမ်သေးသေးလေးဟာ သူ့ကိုယ်နဲ့အတူ လမ်းလျှောက်ရှိန်ကြောင့် ညိမ့်ညိမ့်ခါလို့။ သူ့ရင်သားအစုံဟာလည်း ရင်ရှားထားသည့် လုံချည်အောက်မှာ အခုအခံကင်းစွာ ယဲ့ယဲ့တွဲ့တွဲ့ လှုပ်လို့။ ရုံထားသော လုံချည်ပါးကတော့ ချွေးစိုစိုနှင့် လှုပ်ရှားမှုကြောင့် သူ့ကိုယ်အသားမှ ကပ်တုံ ခွာတုံ။
လှေကားရင်းမှာ ယောက်ျားစီးဖိနပ်တစ်ရံ အပိုရှိနေလေမလား မျက်စိကစားစဉ် အေးသီက ကျွန်တော့်ကို နှစ်လိုစွာ ပြုံးပြပါသည်။
"ဆရာ ဘာပစ္စည်းလာရှာတာလဲဟင်၊ ဦးထွန်းတင်ကြီးတော့ မနက်ကတည်းက ဆိုဒ်ထဲတဲ့ ထွက်သွားတာပဲ၊ ကျမက နေမကောင်းလို့ ဒီနေ့မလိုက်တော့တာ"
အေးသီက သူ့ယောက်ျားကို ဦးထွန်းတင်လို့ ဦးတပ်ခေါ်သည်။ ဦးတပ်ခေါ်လောက်အောင်လည်း ကိုထွန်းတင်က အေးသီထက် တော်တော်ကြီး ကြီးပေမည်။
လှေကားရင်းမှာ ယောက်ျားစီးဖိနပ်ကို မတွေ့။ သို့သော် လှေကားခုံ အင်္ဂတေသားနှင့် လှေကားထစ်တွေမှာတော့ သေချာကြည့်စဉ် စိုလက်စ ခြောက်တစ်ဝက် ရွံ့ရည်စက်စက် ယောကျ်ားစီး ဖိနပ်ရာတက်သွားတာ မြင်ရသည်။ နေမကောင်းသူက ရေချိုးမယ်လို့ ထဘီကို ရင်ရှားကာ အိမ်ပေါ်က ဆင်းလာလေသတဲ့လား။ ပါးလွှာသော လုံချည်သည် သူ့ကိုယ်မှာချွေးနှင့် ခပ်ကပ်ကပ်ဖြစ်နေခြင်းမှာ တော်သလင်းနေနှင့် အမိုးသွပ်၏ အပူစေစားမှုကို ပြလေသလား၊ အခြုံခံ မိန်းမပျို၏ လတ်တလော ကိုယ်ကာယ လှုပ်ရှားပြင်းပြ ခဲ့ခြင်းကို အနက်ဟောပြနေလေသလား စိတ်ညစ်ညူးစွာ မစေ့ငုလိုတော့သော်လည်း လှေကားမှ ဆင်းအလာ သူ ကျွန်တော့်ကို ပြုံးပြစဉ် သူ့ခါးတစ်ဝိုက် အကြည့်စိုက်ခဲ့မိခြင်းကို ဝန်ခံရပါမည်။ အေးသီသည် ထိုအကြိမ်ကတည်းက ကျွန်တော့်ကို ပထမဆုံး သက်မပြင်းပြင်း တစ်ချက် ချစေခဲ့ဖူးသည်။
ထိုနေ့က သူတို့လင်မယား နေဖို့ပေးထားသော ကျွန်တော့်ပစ္စည်းဂိုဒေါင်နှင့် တွဲလျှက် အသားအိမ်လေးပေါ် ကျောက်သွေးမွှေစက် တက်မယူဖြစ်ခဲ့ခြင်းကို တစ်ယောက်ယောက်က ကျေးဇူးတတင် သက်ပြင်းမှုတ်နေ လိမ့်မည်ဖြစ်ကြောင်း နောင်ဖြစ်ရပ်တွေက သက်သေခံကြသည်။ အေးသီကတော့ ကပိုကယို သူဒီလိုထွက်လာပြီးသည့်နောက် ကျွန်တော် အိမ်ပေါ် မတက်တော့တာ သေချာသိပြီးပုံမျိုးနှင့် ပိုင်နိုင်စွာ အကြောက်တရားလည်း ကင်းသော မျက်နှာပေးမျိုး။
အဲဒီအချိန် သူ့မျက်နှာပေးက ရှင်မဟာ ရဋ္ဌသာရရေး ဝဏ္ဏပဘာ၏ ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့။ သူ့ကိုယ်နေဟန်က ထဘီအထက်ဆင် ပြေလျော့လျော့အောက်မှာ ရွှေရင် ဖုံးတုံ့မဖုံးတုံ့။ မိန်းမတစ်ယောက်ရဲ့ အဲဒီအချိန် ချွေးစို့စို့နဲ့ အလှဟာ ကျွန်တော့် ပုရိသစိတ်တစ်ချို့ကို မီးလောင်ရာ လေလည်းပင့်ပါသည်။
ကျွန်တော် သူ့ကို နှုတ်ဆက်ပြီး အိမ်ဝင်းထဲက ပြန်ထွက်ခဲ့တော့ ကိုထွန်းတင်အတွက် စိတ်မကောင်းဖြစ်ကာ ရင်တွေ တလှပ်လှပ် တုန်နေသေး၏။ သို့သော် ထိုစိတ်မကောင်းခြင်းဟူသည် အကြောင်းပြချက် သက်သက်သာ မဟုတ်ကြောင်း ကိုယ့်ဟာကိုယ်ယုံဖို့တော့ နောက်ပိုင်းမှာ တော်တော်ကြိုးစားလိုက်ရသေးသည်။
*****
အလုပ်သမားတွေ အကုန်လုံးက နေ့စားတွေဖြစ်သည်။
မင်းတို့ ဒီအလုပ်မှာ သေချာလုပ်ရင် နောက်အလုပ်မှာလည်း ဆက်ခေါ်မယ် ဆိုတာမျိုး သူတို့ကို အနာဂတ်နှင့် လောကွတ်လုပ်ပြီး ထိန်းလို့မရ။ သူတို့သည် အနာဂတ်လောကွတ်တွေကို အယုံအကြည်ရှိကြောင်း မပြတတ်ပေ။
သူတို့အပြစ်ကြောင့် ဂဟေစက်ပျက်လျှင် သံဒိုင်းသမားတွေ နေ့တွက်ထဲက ဖြတ်သည်။ အုတ်ရိုးကို ဒီလိုစီပါပြောထားသည်အား ဟိုလိုစီထား၍ ဖျက်ပြီး အသစ်လုပ်ရသော် ကျကြေးကို နေ့တွက်ထဲ ဖြတ်သည်။ ဒါသည် သူတို့ကို အလုပ်ကောင်းကောင်း လုပ်ဖို့ တွန်းအား။
လောကသဘောကား တွန်းအားချည်းနှင့်လည်း အလုပ်မဖြစ်တတ်။
ထိုအခါ သူတို့တွေ အလုပ်နားချိန် သောက်တာစားတာ ခွင့်ပြုပေးရသည်။ ဖဲဝိုင်းဘာညာ လုပ်သည့်အခါ မျက်စိမှိတ်နေပေးရသည်။ ဒီအလုပ်ထဲမှာ သူတို့တွေ ပျော်နေဖို့ ပျော်စရာ အလုပ်ခွင်တစ်ခု ဖန်တီးပေးရသေး၏။ ဒါမှ သူတို့ပျော်သည်။ သူတို့သည် ပျော်မှ အလုပ်ခွင်မှာ မြဲတတ်၏။
သူတို့နေ့လည်စာ စားသောအခါ ကျွန်တော်က ကြုံလျှင် တစ်လုတ်တစ်ဇွန်း ဝင်စားတတ်သည်။ သူတို့ ထမင်းချိုင့်ထဲက ဟင်းရည်ဟင်းဖတ်လည်း တစ်ဖတ်တစ်ဇွန်း မြည်းလိုက်သေးသည်။ ထိုသည့်အခါ သူတို့တွေ အလွန်သဘောကျတတ်ပြီး ကျွန်တော့်ကို ခင်သည်။
ကျွန်တော့် တပည့်ကျော် မောင်မောင်သိုက်ကတော့ ဒီလို နေတာကို သိပ်သဘောမတွေ့ပုံမျိုး ခဏခဏ သတိပေးသလို ဆိုဖူးသည်။ သို့သော် ဒီလိုလုပ်တာ အလုပ်သမားတွေနှင့် ကျွန်တော် ရင်းနှီးစေသည်ဟု ယုံကြည်ပြီး၊ ဒါသည် ကျွန်တော့်အထာ။
တစ်ခါသားတော့ အလုပ်တွေပူနေတုန်းကာလ တစ်ဖက်က တရုတ်အလုပ်ခွင်တစ်ခုမှ ကိုယ့်အလုပ်သမားတစ်စုကို နေ့စားခ ပိုပေးပြီး ခေါ်သွားတာ ခံရသည်။ မတတ်နိုင်ပြီ။ ရေရှည်အလုပ်မို့ သူတို့ကိုတားဖို့ဟု ကိုယ့်ဈေးကိုယ်ဖျက်ပြီး သူတို့နှင့် အပြိုင်ငွေပိုပေးပြီး ခေါ်ဖို့မဖြစ်တော့ လက်လွှတ်လိုက်ရသည်။ တစ်လ မကြာပါချေ။ ကျွန်တော့်အလုပ်သမားတွေ ပြန်ရောက်လာသည်။ ထိုသည့်အခါ ကိုယ်နှင့် အလုပ်တူ မိတ်ဆွေက
"ခင်ဗျားက အလုပ်သမားထိန်းတာ တော်တော် တော်တာပဲ" ဟု ချီးမွမ်းစဉ် ကိုယ့်ကိုယ်ကို ဂုဏ်မြောက်သလိုလိုတောင် ခြေဖျားထောက်ချင်မိခဲ့ဖူးသည်။
တစ်ဖက်က ငွေဆွဲအားသည် သူတို့တွေ အလုပ်ခွင်မှာ မပျော်သောအခါ ကြိုးပြတ်ပြီး မူလနေရာ ကျွန်တော့်ထံ ပြန်ရောက်လာကြသည့် သဘော။ ကျွန်တော်က ခင်မင်မှုကို အကြောင်းပြုပြီး အလုပ်ပူနေတုန်းလေး ပြန်လာလုပ်ပေးကြဖို့ လူလွှတ်ခေါ်တာလည်း ပါမှာပေါ့။ သို့သော် မည်သို့ပင် ဆိုစေ သူတို့ရောက်လာကြပါပေသည်။
ဤကား ဆွဲအား၏ သဘောတည်း။ ဤသို့လျှင် ကောက်ချက်ဆွဲပြီး ကိုယ့်ကိုယ်ကို ဂုဏ်မြောက်ကာ ခြေဖြားထောက်လုလု အခြေမှာ ကျွန်တော်ဒေါက်ပြုတ်ရပါတော့သည်။
*****
"ဆရာ ဒီနေ့နေ့ခင်း ကျွန်တော်နန်းရှေ့ဘက် ခဏသွားချင်လို့"
သံဒိုင်းဆရာ ကိုသန်းမင်းက ခွင့်တောင်းသလို ဆိုလာသည်။ သူ့စကားမှာ တောင်းပန်တိုးလျှိုးသံ တစ်ဝက်စွက်နေသလိုလို။
"ဒီနေ့ည အမိုးကိုင်းတင်ဖို့လည်း အားလုံး စီစဉ်ပြီးပါပြီ၊ ကောင်လေးတွေကိုလည်း သိပ်မနားခိုင်းဘဲ မောင်းထားတယ်၊ နောက်တစ်ပတ်အတွင်း သံဒိုင်းကိစ္စ အကုန်ပြီးပါတယ်ဆရာ စိတ်ချပါ"
သူ့ပြောဟန်က အလုပ်အတွက် ကျွန်တော်အားတက်စိတ်ချစေဖို့ကို အင်မတန်ညွှန်းနေ သယောင်ယောင်။ ထို့အတူ နောက်တစ်ပတ်အတွင်း သံဒိုင်းကိစ္စ အကုန်ပြီးပါတယ်လို့ သေချာဆိုနေပုံက သူ့ကို ဒီနေ့ ခွင့်မပေးဘဲ အခြားအလုပ်တစ်ခုခု ခိုင်းလိုက်မှာကို စိုးနေသနည်းနည်း။ သူသည် ကျွန်တော်နှင့် လက်တွဲလာတာ ကြာပြီမို့ အလုပ်နှင့် ပတ်သက်လျှင် ပြတ်သားတတ်သော ကျွန်တော့်အကျင့်ကို သိသည်။ အလုပ်အထာကိုလည်း ကောင်းကောင်း ကျက်မိသည်။ ဒါကြောင့် သူက ကျွန်တော်စိတ်မကွက်စေဘဲ အဆင်ပြေပြေ လျှောလျှောလျှူလျှူ သွားချင်ပုံပါ။
တစ်ခါမှ ဒီလောက် ယဉ်ယဉ်ကျေးကျေး အောက်ကျို့မပြောဖူးသော သူ့ကိစ္စသည် တော်တော်အရေးကြီးတာမျိုး ဖြစ်ပေမည်။
နေ့ခင်းချိန်သူထွက်သွားတော့ ကျွန်တော် အလုပ်ခွင်ထဲမှာပဲ အလုပ်မဲမဲရင်း နေဖြစ်သည်။
"ငါရိုးမ မအေရိုးလေးတွေ၊ မင်းတို့ ဒါလောက်မှ မလုပ်တတ်ရင် နောက်နေ့ အလုပ်မဆင်းနဲ့ …"
တစ်ဖက် ခပ်လှမ်းလှမ်းမှ ပန်းရံခေါင်း ကိုထွန်းတင်ရဲ့ ဆဲဆိုအော်ဟစ်နေသံကို ကြားရသည်။ ဒီအလုပ်ခွင်မျိုးထဲမှာ ဒီလိုဆဲသံမျိုးကို နားမစိမ်းတော့ပါ။ သို့သော် ကိုထွန်းတင်ဆဲသံကြားမှ ကျွန်တော့်စိတ်ထဲ အေးသီကို သတိရလာသည်။
ဒီနေ့ အေးသီ နေမကောင်းဟု အလုပ်မဆင်း။
ထင့်ခနဲ့ သံသယအတွေးတစ်ခု ပေါက်လာကာ မောင်မောင်သိုက်ကိုပင် မခေါ်တော့ဘဲ ကားထုတ်ပြီး မြို့သစ်က အလုပ်ပစ္စည်းဂိုဒေါင်ဘက် မောင်းထွက်ခဲ့သည်။
သန်းမင်းစီးသွားသော ဆိုင်ကယ်ကို ဂိုဒေါင်လမ်းထိပ်က ကွမ်းယာဆိုင်မှာ ရပ်ထားတာ တွေ့သည်။ ဂိုဒေါင်နှင့်တွဲလျှက်ဆောက်ထားသော ခနော်နီခနော်နဲ့ သုံးပင်နှစ်ခန်း အလုပ်သမား အိမ်လေးဟာ တညိမ့်ညိမ့် နွဲ့နွဲ့လေးလှုပ်နေတာ သေချာကြည့်လျှင် သတိထားမိမည်။ အခုချိန် ဒီအိမ်လေးထဲမှာ နေ့လည်နေ့ခင်း အေးသီတစ်ယောက်တည်း ရှိပေမည်။ တကယ်လို့ အမှတ်တမဲ့ ကျွန်တော်ဝင်သွားတဲ့အခါ အရင်တစ်ခါလို အေးသီဟာ ထဘီရင်လျားနှင့် ထွက်နှုတ်ဆက်လေ ဦးမလား။
နောက်တော့ သံဒိုင်းအဖွဲ့ထဲက ကောင်လေးတွေ တစ်ယောက်စ နှစ်ယောက်စ နေ့ခြား နေ့ခြား အလုပ်အလာပျက်သည်။ အေးသီနာမည်လည်း အလုပ်ခွင်ထဲမှာ တစ်စတစ်စ တော်တော်ထွက်လာသည်။
နေ့စားအလုပ်သမားတွေ အလုပ်ပျက်တာကို ကျွန်တော်က ဘယ်လိုတားပါမည်နည်း။
မောင်မောင်သိုက်ကတော့ ခပ်ပြုံးပြုံးရယ်ပါ။
သူတို့ဘက်ကလည်း ဒါသည် သည်းခြေကြိုက်ဖြစ်သည့်အပြင် ဈေးတွက်တွက်သော်မှ သူတို့တစ်နေ့တွက်သည် ဇိမ်ခန်းတစ်ခါသွားစာ မရှိ။ ထိုသောအခါ လူ့သဘောကား ဥစ္စာကံပေး မရသေး၍ နှောင့်နှေးကြန့်ကြာ နေသာတတ်သေးကြသော်လည်း၊ သွေးသားတောင်းရာသို့ အပြေးအလွှားဂျောင်းဖို့မှာကား ဘယ်သိက္ခာမျိုးနှင့် မဆို ထိန်းဖို့ခက်တတ်သည် မဟုတ်ပါလား။
သို့သော် အေးသီကား အမ္ဗပါလီ မဟုတ်ပါချေ။ အေးသီသည် ဘယ်သူ့ထံကမှ အခကြေးငွေယူသည် မကြားမိဖူး။ သူကား စိတ်စေရာ လွင့်မျောလွန့်လူးနေတတ်သူ။ သူနာမည်ပျက်မှာ၊ သူ့ကို တစ်ယောက်ယောက်က ငြိုငြင်ကွက်မှာတွေကို တွေးမိဖို့လေးမှ သူလွန့်လူးနေရာ အိပ်ယာထက်မှ ခေါင်းထောင်ထ မကြည့်တတ်။
ထို့အတူ သူနှင့် အတွေ့ရှိဖူးသူတို့ အဖို့လည်း 'ကောင်းမှန်းသိ သာအိတစိုစို' ပင်၊ ရုန်းထွက်နိုင်ခဲလှ၏။ ဒီလိုနှင့် မကြုံဖူးသူတွေကလည်း သူပြောလူပြောနှင့် အေးသီ သတင်းတွေ နားထောင်ရင်း 'ဆေးစာဖတ်ရာ နားထောင်ပါ ရောဂါပျောက်နိုးနိုး' သဘော သူတို့၏ တပ်မက်စိတ် ကိုယ်တွင်းနာကို အေးသီဟူသည့် ဆေးမီးမှာ ဘယ်အချိန် ကင်ခွင့်ကြုံနိုးနိုး မျှော်ကိုးကာ ဒီပတ်ဝန်းကျင်မှာပဲ တဝဲလည်လည်။
ဒီတော့ကျ ကျွန်တော့်အလုပ်ခွင်မှာ အလုပ်သမားတွေ တော်တော် ပျော်ကြတယ်ကိုး။
*****
"အတွေ့တော့ တော်တော်ကောင်းတယ်ဆရာ"
"မင်းနဲ့လည်း မလွတ်ဘူးလား မောင်မောင်သိုက်ရ"
"ဘယ်လွတ်လိမ့်မတုန်း ဆရာ"
မောင်မောင်သိုက်က ရယ်ကျဲကျဲ အမူအရာနှင့် ပြန်ပြောသည်။ ကျွန်တော့်စိတ်ထဲ မောင်မောင်သိုက်ကို အပြစ်တင်ချင်မိသလိုလို။ ထို့အတူ ကိုထွန်းတင်သည် ဤမျှ အလုပ်ခွင်တစ်ခုလုံး အလုပ်သမားတွေကြား တိုးတိုးသားအဖြစ် ဟုန်းဟုန်းကြားနေသော ဒီကိစ္စကို နားလေလေးမှမဟပ်၊ သတိမချပ်မိလေရော့သလား။
ကျွန်တော် အံ့ဩနေစဉ်မှာပင် တစ်ညနေ သူတို့နှင့်အတူ ဝိုင်းဖွဲ့စားသောက်နေကြရင်း စားပွဲခုံအောက်မှ ကျွန်တော့်ခြေထောက်ကို အေးသီက ခြေချောင်းလေးများဖြင့် မသိမသာ တို့ထိကစားတာ ခံရလိုက်ရသည်။
သူ့နဘေးမှာ သူ့လင် ကိုထွန်းတင်နှင့်။ ကျွန်တော့်နဘေးမှာ သူနဲ့ ဇာတ်လမ်းရှိနေသူ မောင်မောင်သိုက်နှင့်။ အေးသီဟာ တဆိတ်ကလေးတော့ ရဲလွန်းပါသည်။ သို့သော် ကျွန်တော်သည် ဒီစကားကို အခုမှသာ သူတော်ကောင်းလုပ်ကာ ပြောခြင်းဖြစ်ပြီး ထိုစဉ်ကမူ သူတကာတို့ ကစားမြူးတူး ပျော်ရွင်ခံစားဖူးရာ ထိုဥယျာဉ်မြေအခြာမှာ ကိုယ်စိတ်မြင်းရိုင်းကို လွှတ်ဖို့ တစ်ခုခုသော လုံ့လကို မပြုမိစေရန် စိတ်ကို အတန်ကြီး ထိန်းခဲ့ရသည်။
အလုပ်ရှင်နှင့် အလုပ်သမားတို့စည်း။ သူ့မယားဟူသောစည်း။ တကယ်ကြုံလို့ ထိန်းရပြီဆိုတော့ အဲဒီစည်းတွေကိုတောင် မုန်းမိလုလု။
နောက်တော့ အေးသီကို ကျွန်တော်အတတ်နိုင်ဆုံး ရှောင်ဖြစ်သည်။ ကြာလေယိုင်လေဖြစ်လာသော ကျွန်တော့်စိတ် တာရိုး ကျိုးမကျိုးကို ကျွန်တော့်မှာ ကိုယ့်ကိုယ်ကို အယုံအကြည် ကင်းလာမိသည်။ သူတကာတို့ ဒီလောက်စွဲကြသော မိန်းမကို နာမ်သဘောသာရှိသော စိတ်စည်းလေးဖြင့် ထိန်းလို့ရှောင်ရတာ ယောကျ်ားတစ်ယောက်အတွက် အင်မတန်ခက်ပါသည်။
"ကြုံရင် စမ်းကြည့်ဆရာ၊ ဆေးထက်ကောင်းတယ်ရယ်"
"ဘယ်လို ဘယ်လိုကွ"
"အရင်တစ်လ အလုပ်တွေပူလို့ ဆရာကျွန်တော့်ကို ဆူတုန်းကလေဆရာ၊ ကျွန်တော့်မှာ ဆိုက်ထဲနဲ့ အလုပ်သမားတွေအိမ် ဂျင်ခြေကိုလည်နေရောပဲ၊ ဆရာမှတ်မိမှာပေါ့၊ နေ့မအိပ်ရ ညမနားရ ကာလ"
"အင်း… အဲဒီတုန်းက မင်းနဲ့ အေးသီဖြစ်သွားတာလား"
"ဘယ် ဖြစ်နိုင်မယ်ထားလို့ အိမ်က မိန်းမတောင် လင်ခန်းမယားခန်း မမြောက်နိုင်ဘူးဆရာ၊ လူမှာ စိတ်အပူမိတော့၊ ပန်းပါ ညှိုးတယ်"
"ဒါဆို…"
"အဲဒါပဲ ဆရာ၊ ဆရာအေးသီကို သေချာကြည့်ဖူးလား၊ သူ့မှာ 'ညှို့' ပါတယ်။ သူ့အနား နည်းနည်းကပ်မိတာနဲ့ ဆွဲခေါ်နေသလိုပဲဗျ"
ဒီတရားကို မောင်မောင်သိုက်မဟောလည်း ကျွန်တော် ခန္ဓာသိဖြင့် သိပါသည်။ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။ ရွှေရင် ဖုံးတုံ့ မဖုံးတုံ့။
"နောက်တော့ ကျွန်တော်လည်း သူခေါ်ရာပါပြီး သူနဲ့ကြုံတော့တာပဲဆရာ၊ သူနဲ့ကြုံလိုက်တဲ့နောက် ကျွန်တော်လည်း ယောက်ျားပြန်ပီသ သွားတော့တာပဲ။ သာယာတယ်ဆရာ၊ ကြုံရင် မငြင်းဘဲ စမ်းကြည့်"
"ဟာ မသင့်ပါဘူးမောင်ရာ၊ သူ့မယားကြီး"
"ဘယ်သူက သူ့မယားလဲ"
"အေးသီက ထွန်းတင်မိန်းမလေကွာ"
"ထွန်းတင်က အေးသီကို ဘယ်တုန်းက ယူထားမှန်း ဆရာသိလို့လား"
"မသိဘူးလေကွာ၊ သူတို့ အတူတူနေတာပဲ"
"အစကတော့ ကျွန်တော်တို့လည်း အဲလိုထင်မိတာပဲဆရာ၊ တကယ်က ထွန်းတင်နဲ့ အေးသီက ယူထားတာ မဟုတ်ဘူး။ ဒီလိုပဲ အေးသီကို ထွန်းတင်က အရင်တစ်ယောက်ဆီက မ လာတာ။ နောက် သူ ဆရာ့အလုပ်ကိုရောက်တော့ သူ့မယားပါဆိုပြီး၊ ဆရာဆီမှာ လင်ကိုယ်မယားနှစ်ယောက်ပုံစံမျိုး နေစရာတောင်းပြီး နေတယ်မဟုတ်လား၊ ဒါ ဒီကောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်တာ ဆရာ၊ နေစရာလည်းသတ်သတ်ရ၊ သူ့ပစ္စည်းသူလည်း ကာကွယ်ထားပြီးသားဖြစ် သဘော"
"ဒါကို သိစကတော့ ဆရာ့ကို ပြန်ပြောမလို့၊ ဒါပေမယ့် ဆရာသိလို့ သူတို့နှစ်ယောက်ကို နှင်လိုက်ရင် အေးသီနေစရာ မဲ့သွားမှာရယ်၊ ဒီအကောင်ထွန်းတင်က ကောင်မလေးကို တစ်နေရာ ပြန်မသွားမှာ စိုးတာရယ်ကြောင့်၊ ဆရာ့ မှာလည်း ဘာမှ မနစ်နာလောက်တာနဲ့ ဒီအတိုင်း နေမိတာပဲ"
"တကယ်က အေးသီဟာ ဒီလိုပဲ လျှောက်လွှင့်နေတာ၊ သူ့ကို ဘယ်သူမှ ပိုင်တယ်လည်း မရှိဘူး၊ မပိုင်လို့ဘဲ ဟိုကောင်ထွန်းတင်မှာ သိသိလျှက်နဲ့ ငြိမ်နေရတာပေါ့။ သူ အေးသီကို အကြမ်းမကိုင်ဝံ့ဘူးလေ။ အကြမ်းကိုင်ရင် အေးသီက တစ်နေရာ ထပ်လွင့်ဦးမှာပဲ၊ ဒီလောက် ကောင်းတဲ့ဟာလေး ဒီကောင် ဘယ်ပစ်နိုင်မလဲ ဆရာရယ်၊ အပြောမဟုတ်ဘူးဆရာ၊ ဒီတစ်ခါကြုံရင် ဆရာ မငြင်းနဲ့ တစ်ခါလောက် စမ်းကြည့်လိုက်၊ ကြိုက်သွားရစေ့မယ်"
"ဒီကောင်မလေးမျိုးဟာ ဘယ်ယောကျ်ားရဲ့ ဒေါသကိုမဆို အေးဆေးငြိမ်သိပ် စေနိုင်စွမ်းတဲ့ ဟာလေးမျိုးဗျ၊ ကြုံရခဲတယ်"
*****
အလုပ်ခွင်ထဲမှာ ကိုထွန်းတင်ရဲ့ ဒေါသကို ခဏခဏတွေ့နေရသည်။ သူသည် အခုနောက်ပိုင်း ဘာမဟုတ်ဘဲ ဒေါသကြီးနေတတ်သည်။
အေးသီကတော့ အလုပ်ခွင်မှာ ပေါ်ချည်ပျောက်ချည်ပါ။ သူဟာ သိပ်နေမကောင်းဘူးလို့ ကိုထွန်းတင်က သိထားတယ်။
သန်းမင်းကြီးကတော့ လစ်ရင်လစ်သလို အလုပ်ခွင်က ပျောက်ပျောက်သွားတတ်ရဲ့။
အလုပ်က နေ့စားကောင်လေးတွေလည်း မကြာမကြာ ရက်ပျက်များသည်။
မောင်မောင်သိုက် ပြောပြပြီးကတည်းက ကျွန်တော် အေးသီနေရာ ဂိုဒေါင်ဘက် ခြေဦးလှည့်ရမှာ ရှက်နေသလိုလိုပါ။ တကယ်ဆို ကိုယ့်စိတ်က ကိုယ့်ဟာကိုယ် မလုံဘူးမဟုတ်လား။
"အေးသီ သံဒိုင်းဆရာ သန်းမင်းနောက် လိုက်သွားပတဲ့"
အလုပ်တွေ အပြီးမသတ်ရသေးပါ။ သံဒိုင်းလုပ်ငန်းခွင် နောက်ထပ်လက်ခံထားတာတွေ တန်းစီနေသည်။ ဒီအလုပ်ဟာ ရာသီစာမဟုတ်လား။ အချိန်မီဆောက်ပြီး အချိန်မီ မအပ်နိုင်လျှင် ဒုက္ခရောက်တတ်ပေသည်။
ကျွန်တော်သည် သံဒိုင်းသန်းမင်းကို ပျစ်ပျစ်ညစ်ညစ် ဆဲနေမိသည်။
အလုပ်ပူမိတာ တော်တော်ဆိုးသည်။
လူလည်း ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်လို့။ ဒေါသတွေလည်း ဖြစ်လိုက်တာ။
မောင်မောင်သိုက်ကတောင် တစ်နေ့ကပြောရဲ့။
"ဆရာ အခုတစ်လော ဒေါသတွေ အရမ်းကြီးတတ်လာတာပဲ" တဲ့။

အောင်မျိုးသူလွင်

Comments